ရသေ့တောင်မြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး မိုင်းထိ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ ယမန်နေ့(ဇွန် ၂၃ ရက်) ညနေ ၄ နာရီခန့်က မိုင်းထိမှန်သွားခဲ့ကြောင်း သိရသည်။

By Admin 24 Jun 2024

ရသေ့တောင်မြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦး မိုင်းထိ

DMG ၊ ဇွန် ၂၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မညှင်းတောင်ကျေးရွာမှ အမျိုးသမီးငယ်တစ်ဦးမှာ ယမန်နေ့(ဇွန် ၂၃ ရက်) ညနေ ၄ နာရီခန့်က မိုင်းထိမှန်သွားခဲ့ကြောင်း သိရသည်။

အသက်(၂၈ နှစ်)အရွယ် မခင်ဆန်းနွယ်မှာ မိမိ၏ နေအိမ်ခြံဝင်းအတွင်း ဟင်းပင်များစိုက်ပျိုးရန် မြေတူးဆွနေစဉ် မိုင်းပေါက်ကွဲပြီး ညာခြေထောက်ပြတ်သွားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“သူက ဟင်းပင်စိုက်မယ်ဆိုပြီးတော့ ခြံထဲမှာ မြေကိုတူးဆွနေတာ။ အဲဒီမှာ မိုင်းကိုနင်းမိပြီးတော့ ပေါက်သွားတာ။ ညာဖက်ဒူးအောက်က ခြေထောက်ပြတ်တောက်သွားတယ်။ နောက်ပြီးတော့ ဘယ်ဖက်ခြေထောက်မှာလည်း မိုင်းစတွေထိသွားတယ်” ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် မခင်ဆန်းနွယ်၏ ညာခြေထောက် ဒူးအောက်ဖက်မှပြတ်ထွက်ပြီး ဘယ်ခြေထောက်နှင့် ခန္ဓာကိုယ်အနှံ့တွင်လည်း မိုင်းစများ ထိမှန်သွားသဖြင့် ပြင်းထန်ဒဏ်ရာရရှိကာ နီးစပ်ရာဆေးခန်းတွင် ဆေးကုသနေကြောင်း သိရသည်။

ယခုနှစ် မတ်လအတွင်းက မညှင်းတောင်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်ခဲ့သဖြင့် အဆိုပါမိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ထောင်ထားခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆကြသည်။

“ရွာထဲမှာ မိုင်း‌ထောင်မယ်လို့ ဘယ်သူကထင်မှာလဲ။ တိုက်ပွဲဖြစ်တုန်းကတော့ ဒီရွာမှာ စစ်ကောင်စီက စခန်းချနေခဲ့တာ ရှိပါတယ်။ နေအိမ်တွေမှာ နေခဲ့တယ်။ အဲဒီတုန်းက ရွာသားတွေအကုန်လုံး စစ်ဘေးရှောင်နေခဲ့ရတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများ၊ လက်နက်ကိုင်တပ်ဖွဲ့များ စခန်းချခဲ့သည့်နေရာများနှင့် ရွာအနီး တောတောင်များတွင် မိုင်းအမျိုးမျိုးရှိနိုင်သည့်အတွက် အသွားအလာဆင်ခြင်ကြရန်နှင့် မိုင်းရှင်းလင်းရေးကို ကျယ်ပြန့်စွာလုပ်ဆောင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများက ကူညီပေးရန် ဒေသခံများက တိုက်တွန်းပြောဆိုကြသည်။

လက်ရှိ ရခိုင်ဒေသတွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သဖြင့် အာရက္ခတပ်တော် (AA)အနေနှင့်လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်ခံရမှုနှင့် မြေမြှုပ်မိုင်းတို့ကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၆ လအတွင်း အရပ်သားသေဆုံးသူ ၂၆၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၀ ဦးအထိရှိကြောင်း ULA/AA ၏ စာရင်းအရ သိရသည်။