ဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူရွာသား ၁၅၀ ကျော်နှင့် အဆက်အသွယ်မရသည်မှာ တစ်လခန့်ကြာလာ 

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးကာ လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကာ ကျေးရွာသား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

By Admin 27 Jun 2024

စစ်ကောင်စီနှင်ထုတ်ထားသော ဗျိုင်းဖြူရွာဒေသခံများမှာ စစ်တွေမြို့ရှိ ဘုန်းတော်ကြီးများတွင် ခိုလှုံနေရပြီး အကူအညီများလိုအပ်နေကြသည်။
စစ်ကောင်စီနှင်ထုတ်ထားသော ဗျိုင်းဖြူရွာဒေသခံများမှာ စစ်တွေမြို့ရှိ ဘုန်းတော်ကြီးများတွင် ခိုလှုံနေရပြီး အကူအညီများလိုအပ်နေကြသည်။

DMG ၊ ဇွန် ၂၇ 

စစ်ကောင်စီဖမ်းဆီးထားသည့် စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်၊ ဗျိုင်းဖြူရွာမှ ဒေသခံအမျိုးသား ၁၅၀ ကျော်နှင့် တစ်လခန့်ကြာသည့်တိုင် အဆက်အသွယ်မရသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

ဗျိုင်းဖြူရွာသားများကို ပြီးခဲ့သည့် မေလ ၂၉ ရက်တွင် ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယခုလ ၂၇ ရက်နေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များက ပြောသည်။  

“စစ်ကောင်စီကားနဲ့ခေါ်သွားတဲ့ နေ့ကတည်းက လုံးဝ အဆက်အသွယ် မရသေးတာပါ။ အခုတစ်လပြည့်တော့မယ်။ သေလား၊ ရှင်နေသေးလားဆိုတာလေးပဲ သိချင်တာပါ” ဟု ဖမ်းဆီးခံရသူ၏မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။   

ဗျိုင်းဖြူရွာသားများကို စစ်တွေအခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၀)နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် ထိန်းသိမ်းထားသည်ဟု သတင်းတချို့ကြားရသော်လည်း လုံခြုံရေးစိုးရိမ်ရသဖြင့် မိသားစုဝင်များက သွားမတွေ့ရဲ ဖြစ်နေကြသည်။ 

“ကျနော့်မှာ ဦးလေးအဖမ်းခံထားရတာ။ ပြန်လွတ်လာသူတွေကို မေးကြည့်ရင်လည်း မတွေ့ခဲ့ဘူးလို့ပြောကြတယ်။ သေသွားသူတွေထဲမှာလည်း မပါဘူး။ အခုစစ်တွေက စခန်းတွေမှာရှိတယ်လို့ သတင်းချို့ကြားရတာရှိတယ်။ ရှိ/မရှိ သေချာအောင်သွားတွေ့ဖို့လည်း ကိုယ့်အတွက် တစ်စုံတစ်ခုဖြစ်မှာကို စိုးရိမ်မိတယ်” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။  

ဗျိုင်းဖြူရွာဖြစ်စဉ်နောက်ပိုင်း ဇွန်လ ၈ ရက်တွင် စစ်တွေမြို့အနောက်ဘက် ၁၀ မိုင်အကွာ စစ်ကောင်စီတပ်ရင်း ဌာနချုပ်အနီးရှိ အောင်တိုင်ကျေးရွာချောင်း၌ မျက်နှာအဝတ်စည်းထားသည့် အမည်မသိ လူသေအလောင်း ၂၀ ကျော်တွေ့ရှိကြောင်း မျက်မြင်ဒေသခံများက ပြောကြသည်။

ထို့ကြောင့် ဖမ်းဆီးခံထားရသည့် ဗျိုင်းဖြူရွာသားများ၏ အသက်အန္တရာယ်နှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ ရက်က ဗျိုင်းဖြူရွာသို့ အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးကာ လူ ၈၀ နီးပါးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကာ ကျေးရွာသား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ ယင်းအထဲမှ ၆၀ ကျော်ကို နှစ်ပတ်ခန့်ကြာ ရိုက်နှက်စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး ၅၀ ကျော်ကို အမှုဖွင့်ကာ ကျန်ဒေသခံ ၁၅၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်သည်။

အမှုဖွင့်ထားသူထဲမှ ၂၅ ဦးမှာ စစ်ကြောရေး၌ ရိုက်နှက်စစ်ဆေးမှုဒဏ်ကြောင့် စစ်တွေဆေးရုံ၌ ဆေးကုသမှုခံယူနေရပြီး ယင်းအထဲမှ နှစ်ဦးမှာ ဒဏ်ရာပြင်းထန်၍ ဆေးကုသနေစဉ်အတွင်း သေဆုံးခဲ့သည်။ 

“ဖမ်းဆီးထားတဲ့သူတွေကို ဘယ်နေရာမှာဘယ်သူ့ကိုထားတယ် ဆိုတာ မသိရဘူး။ ကျနော်တို့ကို ဒကစမှာရှိတဲ့ အမှောင်ခန်းမှာ အစာမကျွေးဘဲ အေအေနဲ့ဆက်စပ်မှုရှိလား၊ မရှိဘူးလား။ ရွာထဲကို အေအေဝင်တာရှိလား၊ မရှိလားဆိုပြီး ရိုက်နှက်မေးတယ်” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က မြို့နယ်အများအပြားသိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်း လုံခြုံရေးတိုးမြှင့်ကာ ကျေးရွာသားများကိုနှင်ထုတ်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်နေသည်။ 

ဗီဒီယိုများ