စစ်ကောင်စီလက်ချက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးရသူများ ဘဝရပ်တည်ရေးခက်ခဲနေ

ရခိုင်ဒေသတွင် ကုန်ပစ္စည်းရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူအားလုံးခံစားနေကြရပြီး၊ စစ်ကောင်စီလက်ချက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများမှာ စားဝတ်နေရေး ပိုမိုခက်ခဲနေသည်။

By Admin 31 Jul 2024

ကျောက်တော်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ မိုင်းဒဏ်သင့် အမျိုးသမီးတစ်ဦး။ 
ကျောက်တော်မြို့နယ်၊ ငှက်ပျောချောင်းကျေးရွာမှ မိုင်းဒဏ်သင့် အမျိုးသမီးတစ်ဦး။ 

DMG ၊ ဇူလိုင် ၃၁

ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းနှင့် မြေမြှုပ်မိုင်းများကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော ဒေသခံများမှာ စားဝတ်နေရေးအပြင် လူမှုဘဝရပ်တည်ရေး၌ အခက်အခဲဖြစ်နေကြသည်။

စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှု အကျိုးဆက်အဖြစ် ရခိုင်ဒေသတွင် ကုန်ပစ္စည်းရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြည်သူအားလုံးခံစားနေကြရပြီး၊ စစ်ကောင်စီလက်ချက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများမှာ စားဝတ်နေရေး ပိုမိုခက်ခဲနေသည်။

“ကျနော်လည်း အလုပ်မလုပ်နိုင်တော့ဘူး။ ကျနော်ဇနီးကလည်း ကလေးငယ်လေးနဲ့ဆိုတော့ အလုပ်ထွက်လုပ်လို့ အဆင်မပြေတော့ စားဝတ်နေရေးက အရမ်းခက်ခဲသွားတယ်။ အခုဆိုရင် ဆွေမျိုးတွေဆီက ပေးကမ်းတာတွေနဲ့ စားနေရတယ်” ဟု ကျောက်တော်မြို့နယ်၊ ပိုက်သည်ကျေးရွာမှ ကိုမောင်မျိုးနိုင်က ပြောသည်။

ပိုက်သည်ကျေးရွာကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် မွတ်ဆလင် ၇ ဦးသေဆုံးပြီး၊ ၃၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်တွင် ကိုမောင်မျိုးနိုင်၏ ညာဖက်ခြေကို ဆုံးရှုံးလိုက်ရသည်။ 

အမ်းမြို့နယ်၊ ငလက်ကျကျေးရွာမှ ဦးမောင်အေးမှာလည်း မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရသဖြင့် မိသားစုစားဝတ်နေရေးမှာ အခက်ကြုံနေရသည်ဟု သိရသည်။

“အလုပ်အကိုင်က ရှားတယ်။ လုပ်မယ်ဆိုရင်လည်း ကျနော်က သူများတွေလို မလုပ်နိုင်တော့ဘူးလေ။ အဲဒီအခါမှာ မိသားစုစားဝတ်နေရေးမှာ ပိုခက်ခဲသွားတာပေါ့။ အလုပ်လုပ်နိုင်တဲ့သူတွေတောင် ကုန်ဈေးနှုန်းတက်နေတာနဲ့ လိုက်မမီကြဘူး” ဟု ဦးမောင်အေးက ပြောသည်။

ဦးမောင်အေးမှာ ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က ကျေးရွာအနီးရှိ သီဟိုဠ်ခြံသို့သွားစဉ် မိုင်းနင်းမိပြီး ဘယ်ခြေထောက် ဆုံးရှုံးလိုက်ရသည်။ အဆိုပါခြံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး နေထိုင်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီလက်ချက်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှုများ လိုအပ်နေသည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့တွေ လူမှုဘဝမှာ သဟဇာတဖြစ်အောင်နေနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာမြှင့်တင်ပေးဖို့ လိုအပ်သလို စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ငွေကြေးအကူအညီပေးဖို့ လိုအပ်တယ်။ အခုက အဲဒီကိစ္စတွေမှာ အဖွဲ့အစည်းတွေကလည်း ပူးပေါင်းလုပ်ဆောင်မှုတွေ အားနည်းနေတာမြင်ရတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄၊ ဖေဖော်ဝါရီ ၁၈ ရက်ထိ အရပ်သားသေဆုံးသူ ၁၁၁ ဦးနှင့် ဒဏ်ရာရရှိခဲ့သူ ၃၅၇ ဦး ရှိခဲ့ကြောင်း မတ်လ ၄ ရက်နေ့ကပြုလုပ်သည့် အာရက္ခတပ်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။