- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဝန်ဆောင်ခ အပိုကောက်ခံသည့် အေဂျင့်များကို အရေးယူမည်ဟု Wave Money ထုတ်ပြန်
Wave Money ဝန်ဆောင်မှုအတွက် ကျသင့်သည်ထက် ပိုမိုကောက်ခံသည့် ကိုယ်စားလှယ်များကို စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု Wave Money ၏ Facebook စာမျက်နှာမှ မေလ ၂၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
22 May 2021
DMG | မေ ၂၂
Wave Money ဝန်ဆောင်မှုအတွက် ကျသင့်သည်ထက် ပိုမိုကောက်ခံသည့် ကိုယ်စားလှယ်များကို စစ်ဆေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဟု Wave Money ၏ Facebook စာမျက်နှာမှ မေလ ၂၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
မိမိတို့အနေဖြင့် ဖေဖော်ဝါရီလမှစ၍ စိန်ခေါ်မှုများစွာရှိနေသည့် အချိန်တွင် အခက်ခဲများရှိသော်လည်း ဘဏ်ဝန်ဆောင်မှု ပုံမှန်လည်ပတ်နိုင်မှု မရှိခြင်း၊ အကန့်အသတ်မရှိ မိုဘိုင်းအင်တာနက် ဖြတ်တောက်ခြင်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ အင်တာနက် ချိတ်ဆက်မှုများ မတည်ငြိမ်ခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်း တို့ကြောင့် လုပ်ငန်းလည်ပတ်မှုအပေါ် များစွာအဟန့်အတားဖြစ်ခဲ့ကာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် ကိုယ်စားလှယ်များအနေဖြင့် ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်မှုပေးရာတွင် ငွေစက္ကူပြတ်လပ်မှု အခက်အခဲနှင့် ဝန်ဆောင်မှုပမာဏ များပြားလာခြင်းတို့ကို ရင်ဆိုင်နေရကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်တွင် မိမိတို့အနေဖြင့် ကိုယ်စားလှယ်များ၏ အခက်အခဲကို နားလည်သော်လည်း ဝန်ဆောင်ခ ပိုမိုကောက်ခံခြင်းကို ခွင့်မပြုထားကြောင်းနှင့် ပိုမိုကောက်ခံသည့် အဖြစ်အပျက်များကို စစ်ဆေးအရေးယူသွားမည်ဖြစ်ပြီး သုံးစွဲသူများအပေါ် အခွင့်ကောင်းယူခြင်း၊ မမှန်မကန် ပြုမူခြင်းများကို သင့်လျော်သော စည်မျဉ်းစည်းကမ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ လုပ်ဆောင်ရခြင်းအပေါ် ကိုယ်စားလှယ်များမှ နားလည်လက်ခံပေးမှုကို မျှော်လင့်မိကြောင်းနှင့် Wave Money ၏ ဝန်ဆောင်မှုပလက်ဖောင်း သို့မဟုတ် ကိုယ်စားလှယ်များနှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာ ရှိလာပါက Call Center (900 / တယ်လီနော) နှင့် (09790009000/ အခြားအော်ပရေတာများသို့ အချိန်မရွေး ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုကဲ့သို့ အကြပ်အတည်းကာလတွင် Wave Money ကုမ္ပဏီအနေဖြင့် ကိုယ်စားလှယ်များအပေါ် ယခုကဲ့သို့ ပြုမူခြင်းမှာ မဖြစ်သင့်ကြောင်းနှင့် လက်ရှိတွင် ကုမ္ပဏီဘက်မှ ငွေသားများလာရောက်လဲလှယ်ပေးနိုင်ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဝန်ဆောင်ခများ ပိုမိုများလာရခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။
“လက်ရှိမှာ ကုမ္ပဏီဘက်ကလူက ငွေတွေကို ပုံမှန်လာမလဲပေးဘူး။ လာကိုမလာတာလို့ ပြောလို့ရတယ်။ ဒီတော့ ငွေထုတ်တဲ့လူတွေကို ငွေထုတ်ပေးဖို့ကျတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထုတ်ပေးရတာ။ အဲ့ဒီပိုက်ဆံတွေ ရဖို့အတွက်လည်း ဘဏ်မှာတန်းစီပြီး ရသလောက်ထုတ်ထားရတာတွေလေ။ ဒီတော့ ကျွန်တော်တို့က ဝန်ဆောင်ခ နည်းနည်းလောက်ပိုပြီး ယူကြရတာဖြစ်တယ်” ဟု သူကဆိုသည်။
လက်ရှိ၌ မြန်မာတစ်နိုင်ငံလုံးတွင် ဘဏ်များမှ ငွေထုတ်ယူမှုအခက်အခဲရှိနေသဖြင့်ဟု ဆိုကာ Wave Money ငွေလွှဲ၊ ငွေထုတ်လုပ်ဆောင်ရာတွင် ဝန်ဆောင်ခ ပိုမိုပေးဆောင်နေကြရခြင်းဖြစ်သည်။
အချို့ကိုယ်စားလှယ်များသည် ငွေထုတ်ရာတွင် ၁၃ ရာခိုင်နှုန်းခန့် ပိုမိုတောင်းခံလေ့ရှိပြီး အနည်းဆုံး ထုတ်ငွေ၏ ဆယ်ရာခိုင်နှုန်းနှင့် အထက်ကိုပေးရလေ့ရှိကြောင်း Wave Money အသုံးပြုသူတစ်ဦးကဆိုသည်။
“စစ်တွေမှာ ဆိုင်တိုင်းလိုလို Wave Money က ငွေထုတ်လို့ မရတော့ဘူး။ ရတဲ့ဆိုင်တွေကလည်း ထုတ်ငွေရဲ့ ဆယ်ရာခိုင်နှုန်းအထက်ကို အနည်းဆုံးပေးရတယ်။ ဒါကို သူတို့ကိုတိုင်ရင် ကျွန်တော်တို့ကို ဘယ်သူက ငွေလာထုတ်ပေးမှာလဲ” ဟု စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်သန်းကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ စစ်တပ်မှ အာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အင်တာနက်များ ဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး၊ ဘဏ်အပ်ငွေများကို ပြန်ထုတ်ရာတွင် လူတစ်ဦးလျှင် တစ်ပတ်၌ ငွေကျပ် ငါးသိန်းခန့်သာ ထုတ်ခွင့်ပြု၍ ပြည်သူများအကြား ငွေသားလိုအပ်ချက် မြင့်တက်လာလျှက်ရှိနေသည်။