အာရှတွင် ဒုတိယအကြီးဆုံးဖြစ်သည့် ဝမ်ဖိုက်ဒီရေတောမှ ထင်းခုတ်ယူမှုများရှိနေကြောင်း ဒေသခံများပြော

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင်ရှိသည့် အာရှတွင် ဒုတိယအကြီးဆုံး ဝမ်ဖိုက်ဒီရေတောမှ ထင်းခုတ်ယူမှုများရှိနေသဖြင့် ဒီရေတောပျက်စီးမှုကို ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်လာကြောင်း ဒေသခံများက ပြောဆိုသည်။

21 Sep 2021

DMG ၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင်ရှိသည့် အာရှတွင် ဒုတိယအကြီးဆုံး ဝမ်ဖိုက်ဒီရေတောမှ ထင်းခုတ်ယူမှုများရှိနေသဖြင့် ဒီရေတောပျက်စီးမှုကို ဝိုင်းဝန်းထိန်းသိမ်းရန်လိုအပ်လာကြောင်း ဒေသခံများက ပြောဆိုသည်။

ဧက ၅၆၀၀၀ ကျော်ရှိသည့် အဆိုပါဒီရေတောကို ၁၉၃၁ ခုနှစ်က ဝမ်ဖိုက်ဒီရေတောကြိုးဝိုင်းအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဒီရေတောတွင် အခြားမြို့နယ်များမှ စက်လှေများဖြင့်လာရောက်ကာ ထင်းခုတ်ယူမှုများရှိနေသဖြင့် ဒီရေတောပြုန်းတီးမှုများရှိလာနေကြောင်း ရမ်းဗြဲမြို့နယ်မှ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ကိုထွန်းနိုင်ကပြောသည်။

"ရမ်းဗြဲကလူတွေ ခုတ်လှဲတယ်ဆိုတာထက် တစ်ခြားမြို့နယ်တွေက လှေကြီးလှေငယ်တွေနဲ့ လာခုတ်လှဲနေတာတွေရှိနေပါတယ်။ အဲဒါကြောင့် ကျနော်တို့ပြည်သူတွေက စုပေါင်းပြီးအလှည့်ကျ လှည့်လည့်တဲ့စနစ်နဲ့ စောင့်ရှောက်ထိန်းသိမ်းမှုတွေ လုပ်ဖို့ပြင်ဆင်နေတယ်"ဟု ၎င်းကဆိုသည်။

ဝမ်ဖိုက်ဒီရေတောမှ ထပ်မံ၍ ထင်းခုတ်ယူမှုများမရှိစေရန် ဒီရေတောနှင့် အနီးဆုံးကျေးရွာ ၁၀ ကျော်မှ ဒေသခံများ ပူးပေါင်းပါဝင်ထိန်းသိမ်းရန်လိုအပ်နေကြောင်း ကိုထွန်းနိုင်ကပြောသည်။

ထိုသို့ ဒီရေတောထိန်းသိမ်းရေးလုပ်ဆောင်ပါက ပူးပေါင်းပါဝင်ရန်အသင့်ရှိကြောင်း ဝမ်ဖိုက်ဒီရေတောနှင့်အနီးရှိ စစ်ပြားကျေးရွာမှ ဒေသခံ ကိုချစ်လွင်ကပြောသည်။

"ဒီရေတောပြုန်းတီးပျက်စီးလာတာကြောင့် သားငါးတွေ ရှားပါးလာတယ်။ အဲဒါကြောင့် အခုလိုပြည်သူတွေကစောင့်ကြည့်ထိန်းသိမ်းမှုလုပ်တာကောင်းပါတယ်။ ကျနော်တို့လဲပူးပေါင်းပါဝင်ဖို့ အဆင်သင့်ဖြစ်တယ်"ဟု ၎င်းကဆိုသည်။

ဝမ်ဖိုက်ဒီရေတောမှ မီးသွေးထုတ်လုပ်ရန်အတွက်သာမက အုတ်ဖုတ်လုပ်ငန်းအတွင်းအသုံးပြုရန်အတွက်ပါ ထင်းခုတ်လှဲမှုများရှိလာခြင်းကြောင့် ပိုမိုပျက်စီးမှုရှိလာပြီး အစိုးရအနေဖြင့် ယင်းသို့ခုတ်လဲခြင်းများကို အရေးယူဆောင်ရွက်ရန်လိုကြောင်း ဒေသခံများကပြောသည်။

ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ အမ်း၊ မြေပုံ စသည့်မြို့နယ်လေးခုတွင်လည်း ဒီရေတောပျက်စီးပြုန်းတီးမှု ၇၅ ရာခိုင်နှုန်းခန့်အထိရှိလာနေကြောင်း ပြည်နယ်အတွင်းက ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များထံမှ သိရသည်။

ဒီရေတောများကို တစ်နိုင်ငံလုံးတွင် ငါးနှစ်တစ်ကြိမ် စာရင်းကောက်ယူလျှက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင်ဒီရေတောဧကစုစုပေါင်း ၃၉၅,၇၂၆ ဧကရှိပြီး မောင်တောခရိုင်တွင် ၅၃၂၀ ဧက၊ စစ်တွေခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူ ခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာမှ သိရသည်။

ရခိုင်ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RBANCA)က လက်ရှိအချိန်တွင် နံသာကျွန်းနှင့် မေယုမြစ်ဝအနီး ပေါက်ရောက်လျှက်ရှိသော ဒီရေတောများကို အဓိကထားပြီးထိန်းသိမ်းသွားမည်ဖြစ်ကြောင်း RBANCA ၏ အတွင်းရေးမှူး ကိုရန်နောင်စိုးက DMG သို့ ပြောဆိုထားသည်။

နံ့သာကျွန်းနှင့် မေယုမြစ်ဝအနီးတွင် ဒီရေတောဧရိယာ ဧက ၃၀၀ ခန့်ရှိကြောင်း ရခိုင်ဇီဝမျိုးစုံ၊ မျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ သိရသည်။

လက်ရှိတွင် ဒီရေတောများကိုခုတ်ထွင်ရှင်းလင်းပြီး ပုစွန်မွေးမြူရေး၊ ငါးမွေးမြူရေးကန်များ၊ ဆည်များကိုလုပ်ကိုင်လျှက်ရှိသဖြင့် ရေနေသတ္တဝါများ မှီခိုကျက်စားပေါက်ဖွားရာ၊ ငါးနေ၊ငါးထိုင်နေရာများ ပျက်စီးဆုံးရှုံးမှုများပြားလာနေကြောင်း ဒီရေတောထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဆိုကြသည်။