တောင်ကုတ် ကုလရောင်ကမ်းခြေအတွင်း အမျိုးသားအလောင်း ၇ လောင်းတွေ့

အဆိုပါအလောင်းများမှာ အရပ်ဝတ်ဖြင့်ဖြစ်ပြီး ခြေထောက်နှင့်လက်ကို ချည်နှောင်ထားကာ မျက်နှာကိုလည်း အဝတ်စဖြင့် ချည်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။ 

By Admin 25 Jul 2024

တောင်ကုတ် ကုလရောင်ကမ်းခြေအတွင်း အမျိုးသားအလောင်း ၇ လောင်းတွေ့

DMG ၊ ဇူလိုင် ၂၅

ရခိုင်ပြည်၊ တောင်ကုတ်မြို့အနောက်ဘက်ရှိ ကုလရောင်ကမ်းခြေတွင် ရေစီးနှင့်မျှောလာသော အမျိုးသား ၇ ဦး၏ ရုပ်အလောင်းများကို ယမန်နေ့ (ဇူလိုင် ၂၄) မွန်းလွဲပိုင်းက ဒေသခံများတွေ့ရှိခဲ့ကြသည်။

အဆိုပါအလောင်းများမှာ အရပ်ဝတ်ဖြင့်ဖြစ်ပြီး ခြေထောက်နှင့်လက်ကို ချည်နှောင်ထားကာ မျက်နှာကိုလည်း အဝတ်စဖြင့် ချည်နှောင်ထားကြောင်း ဒေသခံများက ပြောသည်။ 

“အလောင်းကို ကမ်းခြေသဲသောင်ပြင်မှာ တွေ့ရတာပါ။ အလောင်းတွေက ပုတ်ရောင်နေပြီး။ ခြေထောက်တွေကို သံကြိုးနဲ့ ချည်ထားတာပါတယ်။ လက်တွေကိုလည်း နောက်ပြန်ကြိုးတုတ် မျက်နှာကိုလည်း အဝတ်စတွေနဲ့ စည်းထားတယ်။ ဘယ်သူတွေလဲ၊ ဘယ်ကလဲ ပြောဖို့ခက်တယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

ရုပ်အလောင်းများကို ဒေသခံများက ယမန်နေ့က သင်္ဂြိုလ်ပေးလိုက်ပြီး မည်သူမည်ဝါဖြစ်ကြောင်းကို DMG က အတည်မပြုနိုင်သေးပေ။

လက်ရှိတွင် တောင်ကုတ်မြို့ကို AA က ပိတ်ဆို့ထားပြီး နှစ်ဘက်စစ်ရေးပြင်းထန်နေသည်။

တောင်ကုတ်ဒေသခံများခန့်မှန်းသည်က ငပလီတပ်ရင်းများကို AA က တိုက်ခိုက်စဉ် ထွက်ပြေးသွားသော စစ်ကောင်စီသားများ (သို့မဟုတ်) သံတွဲတွင် စစ်ကောင်စီဖမ်းဆီးသွားသည့် ဒေသခံများဖြစ်နိုင်ကြောင်း ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် ပိတ်မိနေသည့် ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့မှုရှိခဲ့သည်။ 

သံတွဲမြို့သိမ်းတိုက်ပွဲအတွင်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသူ အရပ်သားအများအပြားလည်း ရှိနေသဖြင့် စစ်ကောင်စီထံ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံရသူများဖြစ်နိုင်ကြောင်းလည်း သံတွဲဒေသခံများက စိုးရိမ်နေကြသည်။ 

သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက “တိုက်ပွဲကြားမှာ အသက်လု ထွက်ပြေးတိမ်းရှောင်ရာကနေ မိသားစုတွေနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတဲ့သူတွေရှိတယ်။ အခုချိန်ထိ သေလားရှင်လား မသိရသေတဲ့သူတွေ အများကြီးပဲ။ ဒါတွေကို တပ်တော်အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးစေချင်တယ်” ဟု ပြောသည်။

သံတွဲတိုက်ပွဲအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးနေသည့် အရပ်သား ၃၀ ကျော်အထိရှိနေကြောင်း သိရသည်။

လက်ရှိတွင် သံတွဲလေဆိပ်၊ ငပလီ၊ ခြေမြန်တပ်ရင်း (ခမရ) ၅၆၆ နှင့် ခြေလျင်တပ်ရင်း (ခလရ) ၅၅ တို့ကို AA က သိမ်းပိုက်ထားပြီး လက်ကျန်ဖြစ်သော မောင်ရွှေလေးရေတပ်စခန်းတွင် တိုက်ပွဲများ ပြင်းထန်နေသည်။