တောင်ကုတ်တွင် သစ်ကားတိမ်းမှောက်၍ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် သစ်များတင်ဆောင်လာသည့်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူသုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

29 Jan 2022

photo - ကိုကျော်မျိုး(ကင်းတောင်)

DMG ၊ ဇန်နဝါရီ ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် သစ်များတင်ဆောင်လာသည့်ကားတစ်စီး တိမ်းမှောက်မှုကြောင့် လူသုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တရားမဝင်သစ်များတင်ဆောင်လာသော အဆိုပါကားမှာ ဇန်နဝါရီလ ၂၈ ရက် ည ၈ နာရီခန့်က တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကားပေါ်တွင်လိုက်ပါလာသူများမှာ မအီမြို့နယ်၊ လက်ပန်ကျေးရွာမှဖြစ်ကြသည်ဟု လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသောင်းတင်က DMG ကိုပြောသည်။

“သေဆုံးသွားတဲ့သူတွေကို ဒီနေ့ပဲသင်္ဂြိုဟ်ပါတယ်။ ဒဏ်ရာရတဲ့အထဲကတစ်ယောက်ကတော့ မအီဆေးရုံမှာ၊ အငယ်ပိုင်းတစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာပဲရတဲ့အတွက် ဆေးရုံကဆင်းလာပြီလို့သိရတယ်။ သူတို့တွေက ရွာမှာတော့ လက်လုပ်လက်စားလုပ်ကိုင်နေရတဲ့သူတွေပါ”ဟု ဦးသောင်းတင်ကပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ငါးနာရီအချိန်က လူ ၁၀ ဦးသည် ကားနှစ်စီးဖြင့် ရိုးတောင်ပေါ်သို့တက်သွားပြီး ည ၈ နာရီခန့်တွင်ပြန်လာစဉ် လမူးချောင်းဘက်သို့ဆင်းသည့်လမ်း၌ရှိသော ငှက်ပျောတောကျေးရွာဘုန်းတော်ကြီးကျောင်းအနီးတွင် ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် လက်ပံကျေးရွာသားတစ်ဦးကပြောသည်။

“သူတို့ကားနှစ်စီးက တစ်စီးကို သစ်လေးတန်လောက်တင်ပြီးဆင်းလာတဲ့အချိန် အရှေ့ကကားကမှောက်တော့ အနောက်ကကားက ဒီကိုလှမ်းအကြောင်းကြားတယ်။ ဒီကလူတွေလိုက်သွားပြီး ညတွင်းချင်းပြန်သယ်လိုက်ကြတာ”ဟု ၎င်းအမည်မဖော်လိုသူက ပြောသည်။

ယခုဖြစ်စဉ်တွင်သေဆုံးသွားသူသုံးဦးအတွက် တစ်ဦးလျှင်ငွေကျပ်သိန်း ၃၀ စီကို မအီမြို့မှလူတစ်ဦးက လက်ပန်ကျေးရွာမှ သေဆုံးသူများ၏မိသားစုဝင်များထံ လာရောက်ပေးအပ်ခဲ့ကာ ဒဏ်ရာရရှိသူများအတွက်လည်း ဆေးဖိုးဝါးခထောက်ပံ့ပေးခဲ့ကြောင်း အဆိုပါ အမည်မဖော်လိုသူကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မအီမြို့နယ် သစ်တောဦးစီးဌာနမှ နယ်မြေတာဝန်ခံ တောအုပ်ကြီး ဦးဘုန်းမြတ်မောင်ကို DMG မှဆက်သွယ်မေးမြန်းခဲ့ရာ ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်နေရာတွင် သစ်တန်ချိန်သုံးတန်ခန့်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိထားကြောင်းပြောသည်။

“ကျွန်တော်တို့ မနက်ပိုင်းကိုးနာရီလောက်မှာ သတင်းကြားလို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ သွားစစ်ဆေးကြည့်တော့ သစ်တွေပဲတွေ့တယ်။ ဘာမှမတွေ့ဘူး။ သစ်တွေကို အမှတ်အသား ဘာညာစစ်ဆေးကြည့်တော့ တရားမဝင်သစ်မှန်းသိရတဲ့အတွက် သိမ်းဆည်းလိုက်ပါတယ်”ဟု ၎င်းကဆိုသည်။

ယခုနှစ်ဘဏ္ဍာနှစ်၏ သုံးလကျော်ကာလအတွင်း ရခိုင်ပြည်နယ်တွင် တရားမဝင်သစ်ခိုးထုတ်မှု ၄၃ မှုအထိရှိခဲ့ပြီး သံတွဲခရိုင်မှ သစ်ခိုးထုတ်မှုအများဆုံးဖြစ်ကြောင်း ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန၏စာရင်းများအရ သိရသည်။