ရှမ်းမြောက်နှင့် မန္တလေးတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲပြင်းထန်

ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ စစ်ကောင်စီနှင့် TNLA တို့ကြား ဇွန် ၂၅ ရက်နေ့တွင် တိုက်ပွဲဖြစ်မှုနှင့်အတူ ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။ 

By Admin 26 Jun 2024

ဓာတ်ပုံ - TNLA 
ဓာတ်ပုံ - TNLA 

DMG ၊ ဇွန် ၂၆ 

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

ယနေ့နံနက် ၅ နာရီ ၄၀ ကျော်တွင် ကျောက်မဲမြို့ရှိ စစ်ကောင်စီ၏ စခန်းသာကုန်းနှင့် နံနက် ၆ နာရီခွဲအချိန်တွင် အမှတ် (၃၅၂) အမြောက်ကုန်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ 

ယင်းအပြင် နောင်ချိုမြို့ရှိ ခမရ(၁၁၅) တပ်ရင်းဌာနတွင် ယနေ့နံနက် ၁၁ နာရီခန့်အချိန် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ် ဗျူဟာကုန်းစခန်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။  

လက်ရှိတွင် ကျောက်မဲမြို့နှင့် နောင်ချိုမြို့၏  အရေးပါသည့် နေရာအားလုံးနီးပါးကို TNLA နှင့် ပူးပေါင်းအဖွဲ့များက ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်စခန်းများရှိသည့် နေရာအနီးတဝိုက်တွင် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

မိုးကုတ်၊ နောင်ချို၊ ကျောက်မဲ၊ မိုးမိတ် စသည့် မြို့နယ်များတွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် အရပ်သားအချို့မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ စစ်ကောင်စီနှင့် TNLA တို့ကြား ဇွန် ၂၅ ရက်နေ့တွင် တိုက်ပွဲဖြစ်မှုနှင့်အတူ ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။ 

ဇွန်လ ၂၅ ရက်ကလည်း ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး  အဆိုပါစစ်ပွဲများသည် ၁၀၂၇ စစ်ဆင်ရေးအဆက်ဖြစ်ကြောင်း TNLA က ထုတ်ပြန်ထားသည်။ 

ဗီဒီယိုများ