လေကြောင်းပစ်ခတ်မှုကြောင့် ရခိုင်တွင် အရပ်သားထိခိုက်သေဆုံးမှု ဆက်လက်မြင့်တက် 

စစ်ရှုံးစစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့/ရွာများ၊ စစ်ဘေးရှောင်များ ခိုလှုံရာနေရများ၊ ဘာသာရေးအဆောက်အုံများပါမကျန် ပစ်ခတ်ထားတိုက်ခိုက်နေ၍ ဒေသခံများမှာ လုံခြုံမှုကင်းမဲ့နေကြရသည်။ 

By Admin 03 Oct 2024

အောက်တိုဘာ ၁ ရက်တ ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် သံတွဲမြို့နယ်၊ ညောင်ခြေထောက် ဘုန်းကြီးကျောင်း။ (ဓာတ်ပုံ - APM)
အောက်တိုဘာ ၁ ရက်တ ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် သံတွဲမြို့နယ်၊ ညောင်ခြေထောက် ဘုန်းကြီးကျောင်း။ (ဓာတ်ပုံ - APM)

DMG ၊ အောက်တိုဘာ ၃ 

တိုက်ပွဲဖြစ်ပွားနေသော ရခိုင်ဒေသတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားထိခိုက်သေဆုံးမှုနှုန်းမှာလည်း ဆက်လက်မြှင့်ဆက်လျက်ရှိသည်။ 

တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူရွာကို အောက်တိုဘာ ၂ ရက် ညအချိန်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲသွား၍ အသက် (၁၄) နှစ်အရွယ် မောင်မိုးမြင့် ဒဏ်ရာရရှိခဲ့သည်။ 

“ဗုံးနှစ်လုံးကြဲသွားတာ။ ဒဏ်ရတာကတော့ အဲဒီကလေးတစ်ယောက်တည်းပါ။ ဒဏ်ရာကတော့ မပြင်းဘူး။ တိုက်ပွဲဖြစ်တာမရှိဘဲ အခုလို လာပစ်တော့ အကုန်လုံးက စိုးရိမ်ကြောက်လန့်နေကြတယ်” ဟု ခေါင်းလောင်းတူကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

အောက်တိုလာ ၁ ရက်ကလည်း သံတွဲမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်ကောင်စီက ဗုံးကြဲသွား၍ ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ 

ညောင်ခြေထောက်ရွာသည် သံတွဲ - တောင်ကုတ် ကားလမ်းမဘေးတွင်တည်ရှိပြီး ဆင်ခေါင်းနှင့် လင်းသီကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာသူများ ခိုလှုံနေထိုင်လျက်ရှိသည်။

စစ်ရှုံးစစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့/ရွာများ၊ စစ်ဘေးရှောင်များ ခိုလှုံရာနေရများ၊ ဘာသာရေးအဆောက်အုံများပါမကျန် ပစ်ခတ်ထားတိုက်ခိုက်နေ၍ ဒေသခံများမှာ လုံခြုံမှုကင်းမဲ့နေကြရသည်။ 

“စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုသာမက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ဂျီနိုဆိုက်ဖြစ်နေပြီ” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာပြီးနောက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုမှာလည်း တိုးလာနေသည်။ 

DMG စာရင်းအရ ရခိုင်တွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် စက်တင်ဘာလအတွင်း အရပ်သား ၈၅ ဦး အထိ ထိခိုက်သေဆုံးခဲ့ရသည်။