Western News မှ သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးတွင် ၁၂၄-က ဖြင့် ဦးတိုက်လျှောက်ခံထားရ

ရခိုင်ပြည် အခြေစိုက် Western News မှ သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးတွင် အမြင့်ဆုံးပြစ်ဒဏ် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချက်မှတ်နိုင်သည့် ၁၂၄-က ဖြင့် ဦးတိုက်လျှောက်ခံထားရကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက အတည်ပြုပြောသည်။

By DMG 05 Jan 2022

DMG ၊ ဇန်နဝါရီ ၅

ရခိုင်ပြည် အခြေစိုက် Western News မှ သတင်းဖော်ပြမှုနှင့်ပတ်သက်ပြီး စစ်တွေခရိုင်တရားရုံးတွင် အမြင့်ဆုံးပြစ်ဒဏ် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ချက်မှတ်နိုင်သည့် ၁၂၄-က ဖြင့် ဦးတိုက်လျှောက်ခံထားရကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက အတည်ပြုပြောသည်။

“ Western News ကို အမှုဖွင့်ထားတယ်လို့ သိရတယ်။ စစ်တွေခရိုင်တရားရုံးမှာ ဦးတိုက်အမှုနဲ့လျှောက်တယ်။ ပုဒ်မက ၁၂၄-က နဲ့ပေါ့။ အမှုအခင်း အကြောင်းအရာကို မသိဘူး။ တရားရုံးကတော့ ဦးတိုက်လျှောက်တဲ့ အမှုတွေမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လျက်ရှိတယ်။ လူနာမည်နဲ့ဖွင့်တာလား ဘာလား ငါလည်းမသိဘူး။ ” ဟု ဦးလှသိန်းက အတည်ပြုပြောဆိုသည်။

မနေ့က ဥပဒေချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာစစ်တပ်အပေါ် လူအများ အထင်အမြင်လွဲအောင်နှင့် ယုံကြည်မှုလျော့အောင် သတင်းဖော်ပြခြင်းကြောင့် တရားစွဲဆိုသည်ဟု ယေဘုယျအားဖြင့် ပြော၍ရကြောင့် ဦးလှသိန်းက မီဒီယာများသို့ ပြောဆိုခဲ့သည်။

Western News သတင်းဌာနတွင်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ မြန်မာစစ်တပ် တပ်ရင်းတစ်ခု၏ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့ရသည်ဆိုသည့် သတင်းတစ်ပုဒ်ဖော်ပြ၍ရှိခဲ့သည်။

ယခု စစ်တွေခရိုင်တရားရုံးတွင် ၁၂၄-က ဖြင့် အမှုဖွင့်ရန် ဦးတိုက်လျှောက်ထားသည်ကို Western News သတင်းဌာနအနေဖြင့် တရားဝင် မသိရသေးသလို အကြောင်းကြားစာလည်း မရောက်သေးကြောင်းနှင့် ယင်းကဲ့သို့ ၁၂၄-က ပုဒ်မဖြင့် အမှုဖွင့်တရားစွဲပါက ကြီးလဲသည့်ပုဒ်မဖြစ်ကြောင်း Western News သတင်းဌာန၏ တည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်လည်းဖြစ်သူ ဦးဝဏ္ဏခွာညိုက ပြောသည်။

“ ရခိုင်မှာ အခြေစိုက်တဲ့ သတင်းဌာနတစ်ခုကို အခုလို ကြီးလဲတဲ့ ပုဒ်မ ၁၂၄-က နဲ့ ပြင်းထန်တဲ့ပုဒ်မနဲ့ တရားစွဲဆိုလိုက်တာက လုံးဝကိုယုတ္တိမရှိဘူး။ လုံးဝကို လက်ခံနိုင်စရာမရှိဘူး။ လုံးဝကို မဖြစ်သင့်ဘူးပေါ့။ ကျနော်တို့က မီဒီယာကျင့်ဝတ်အရပဲ တောက်လျှောက်ရေးလာတယ်။ AA က လူ့အခွင့်အရေးချိုးဖောက်တာပဲ ဖြစ်ဖြစ်၊ မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တာပဲ ဖြစ်ဖြစ် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းကို ရေးတာပဲ။ ဘယ်သူ့မှ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းပဲ ဖြစ်ဖြစ် ဘက်လိုက်ပြီး ရေးလာတာမရှိဘူး။ အခုလို ဖွံ့ဖြိုးဆဲမီဒီယာတစ်ခုကို အဲဒီလို ကြီးလဲတဲ့ ပုဒ်မနဲ့ အမှုဖွင့်လှစ်တာကတော့ ကျနော်တို့အတွက် အရမ်းကို စိန်ခေါ်မှု များသွားပြီပေါ့။ ရှေ့ဆက်ပြီးတော့ သတင်းမီဒီယာအနေနဲ့ တော်တော်လေးကို အနှောင့်အယှက်ဖြစ်သွားပြီ။ တော်တော်လေးကို အန္တရာယ်လည်း များသွားပြီလို့ ပြောလို့ရပါတယ်။ ” ဟု ဦးဝဏ္ဏခွာညိုက ပြောသည်။

ယခု ဦးတိုက်လျှောက်သည့် အမှုတွင် Western News သတင်းဌာနကိုလား၊ ယင်းသတင်းဌာနမှ လူပုဂ္ဂိုလ်တစ်ဦးဦးကိုလား ဆိုသည်ကို (မည်သူဆိုသည်ကို) DMG အနေဖြင့် သီးခြားအတည်မပြုနိုင်သေးကြောင်း၊ သို့သော်လည်း ၁၂၄-က နှင့် စစ်တွေခရိုင်တရားရုံးတွင် ဦးတိုက်လျှောက်ထားသည်ကိုတော့ ပြည်နယ်ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက အတည်ပြုထားသည်။

အမည်သည့်အကြောင်းအရာကို မည်သည့်အတွက်ကြောင့် အမှုဖွင့်အရေးယူရန် ဦးတိုက်လျှောက်ထားသည်ကို မသိရသေးသလို စစ်တွေခရိုင်တရားရုံးတွင် မည်သူ/ မည်သည့်အဖွဲ့အစည်းက ဦးတိုက်လျှောက်ထားသည်ကိုလည်း မသိရသေးပေ။

သို့သော်လည်း ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကတော့ တပ်မတော်က ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားသည်။

Western News သတင်းဌာနမှာ သတင်းဖော်ပြမှုတစ်ခုကြောင့် တရားစွဲဆိုထားသည့်ကိစ္စမှာ သတင်းမီဒီယာကောင်စီ၏ ခွင့်ပြုချက်တစုံတရာရယူခြင်းမရှိဘဲ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ယခင်သတင်းမီဒီယာကောင်စီဝင်ဟောင်း ဦးမြင့်ကျော်က ရှုမြင်သည်။

“ဒီကိစ္စက အမှန်တကယ်ဆိုရင် သတင်းမီဒီယာကောင်စီကနေ ပထမဆုံးအနေနဲ့ နှစ်ဖက်ပြေလည်မှုရအောင် ဝင်ညှိနှိုင်းဖြေရှင်းပေးရမယ်။ ဖြေရှင်းလို့မရဘူးဆိုမှ တရားစွဲဆိုတဲ့အဆင့်ထိရောက်မယ်။ ဒါပေမဲ့ အခုအသစ်ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာကောင်စီက စစ်ကောင်စီရဲ့အလိုကျ လိုက်နာလုပ်ဆောင်ပေးနေတဲ့ ပုံစံဖြစ်နေတယ်။ တရားရုံးကို ဦးတိုက်လျှောက်တဲ့အမှုဆိုတော့ ၆၆(ဃ)လည်းဖြစ်နိုင်သလို တခြားပုဒ်မတွေလည်း ဖြစ်နိုင်တယ်။ တရားရုံးကိုဦးတိုက်လျှောက်ထား တရားစွဲဆိုတာဆိုတော့ စာရေးသူနဲ့ အယ်ဒီတာချုပ် ဒါမှမဟုတ် တာဝန်ခံအယ်ဒီတာဟာ ဒီတရားစွဲဆိုမှုထဲမှာပါလာနိုင်တယ်လို့ ယူဆသုံးသတ်မိတယ်”ဟု ဦးမြင့်ကျော်က ပြောသည်။

Western News သတင်းဌာနမှာ သတင်းဖော်ပြမှုကို တရားစွဲဆိုရန် တရားရုံးသို့ဦးတိုက်လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ကြီးမားသည့်ပုဒ်မများဖြင့် သတင်းမီဒီယာများကို တရားစွဲဆိုခြင်းမှာ ကောင်းမွန်သည့် လက္ခဏာမဟုတ်ကြောင်း၊ လွတ်လပ်စွာရေးသားဖော်ပြခြင်းကို ထိပါးနေကြောင်း DMG သတင်းဌာနမှ ပြောရေးဆိုခွင်ရှိသူ ဦးဇော်ဇော်က သုံးသပ်ထားသည်။

တရားစွဲဆိုရန်ပြင်ဆင်နေသည့် သတင်းများထွက်ပေါ်ပြီးနောက်ပိုင်း Western News သတင်းဌာနမှ ထုတ်လွှင့်မည့် “ပေးစာကဏ္ဍ”အစီအစဉ်ကို လုံခြုံရေးအခြေအနေအရ နောက်ဆုတ်လိုက်ကြောင်း ၎င်းသတင်းဌာန၏ လူမှုကွန်ယက်စာမျက်နှာမှ ယနေ့(ဇန်နဝါရီလ ၅)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ကလည်း စစ်တွေမြို့က ရပ်ကွက်တချို့တွင် ရဲကား၊ စစ်ကားများဖြင့် လှည့်လည်ကာ Western News ရုံးခန်းတည်နေရာကို လိုက်လံရှာဖွေခဲ့ကြောင်း ယင်းသတင်းဌာနက ထုတ်ပြန်ခဲ့သည်။

မှတ်ချက် - ၁၂၄-က ပုဒ်မသည် အမြင့်ဆုံးပြစ်ဒဏ် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်းဒဏ် ချမှတ်နိုင်ကြောင်းနှင့် အနိမ့်ဆုံးပြစ်ဒဏ် ငွေဒဏ်နှင့်တကွ ထောင်ဒဏ် ၃ နှစ်အထိ၊ ငွေဒဏ်သက်သက် ချက်မှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) အဘီဓာန်၏ ဥပဒေဖွင့်ဆိုချက်တွင် ဖော်ပြထားသည်။