နှစ်ရက်အတွင်း သံတွဲဒေသခံ ၆ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

စစ်ရေးပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် အရပ်သားများနေထိုင်သည့် ကျေးရွာ ၅ ရွာကို ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်အတွင်း လေကြောင်း၊ ရေကြောင်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်နည်း ဒဏ်ရာရရှိသွားသည်။ 

By Admin 22 Jun 2024

ဇွန်လ ၂၁ ရက်က စစ်ကောင်စီပစ်ခတ်မှုကြောင့် ရွှေလှေကျေးရွာမှ ထိခိုက်ပျက်စီးမှု။ (ဓာတ်ပုံ- Dwarawaddy-Sandoway)
ဇွန်လ ၂၁ ရက်က စစ်ကောင်စီပစ်ခတ်မှုကြောင့် ရွှေလှေကျေးရွာမှ ထိခိုက်ပျက်စီးမှု။ (ဓာတ်ပုံ- Dwarawaddy-Sandoway)

DMG ၊ ဇွန် ၂၂ 

စစ်ရေးပြင်းထန်နေသည့် သံတွဲမြို့နယ်တွင် အရပ်သားများနေထိုင်သည့် ကျေးရွာ ၅ ရွာကို ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်အတွင်း လေကြောင်း၊ ရေကြောင်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်နည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

သံတွဲမြို့နယ် ရွှေလှေ၊ လင်းသီ၊ ပြင်ယောင်း၊ ဇာဒီပြင်နှင့် ကျောင်းတိုက်ကျေးရွာတို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရွှေလှေ ကျေးရွာတွင် သေဆုံးသူ ၄ ဦး၊ ဇာဒီပြင်တွင် ၁ ဦးနှင့် ကျောင်းတိုက်တွင် ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်။ 

သေဆုံးသူများမှာ ရွှေလှေကျေးရွာတွင် စစ်ဘေးရှောင်နေကြသည့် ဆင်ခေါင်းကျေးရွာမှ ဒေါ်ကြည်စိန် (၈၈)နှစ်၊ ဒေါ်စောသိန်း (၅၄)နှစ်၊ ဒေါ်ခင်ရီ (၅၁) နှစ်နှင့် ရွှေလှေကျေးရွာမှ ကျောင်းဆရာမတစ်ဦး၊ ဇာဒီပြင်ကျေးရွာမှ ဦးထွန်းနိုင် (၆၀)နှစ်၊ ကျောင်းတိုက်ကျေးရွာမှ  ဦးမောင်ညို (၇၀) နှစ် တို့ဖြစ်သည်။ 

“ပြီးခဲ့တဲ့နှစ်ရက်က ကျေးရွာ ၅ ရွာထက်မနည်းကို စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အရပ်သား ၆ ဦးထိ သေဆုံးခဲ့တယ်။ အခုပစ်ခတ်ခဲ့တဲ့ ကျေးရွာတွေက တိုက်ပွဲဖြစ်နေတဲ့ ရွာတွေမဟုတ်ဘူး။ အရပ်သားတွေကို တမင်ပစ်မှတ်ထားပြီး လုပ်တာဖြစ်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် အဆိုပါကျေးရွာများတွင် ဆေးရုံ၊ စာသင်ကျောင်းနှင့် လူနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့တွင် သံတွဲမြို့နယ်အတွင်း တိုက်ပွဲငြိမ်သက်နေကြောင်း သိရသည်။ ယမန်နေ့ကတော့ ငပလီအခြေစိုက် ခမရ ၅၆၆ တပ်ရင်းကို AA က တိုက်ခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းဖြင့် ခုခံခဲ့ကြောင်း ငပလီဒေသခံများက ပြောသည်။

သံတွဲတိုက်ပွဲမှာ နှစ်လကျော်ထိကြာမြင့်လာပြီး စစ်ကောင်စီသည် သံတွဲမြို့နှင့် ငပလီမြို့အနီးရှိ တပ်ရင်းများကိုသာ ထိန်းချုပ်နိုင်သည့် အခြေအနေမှာ ရှိသည်ဟု သံတွဲဒေသခံများက ပြောကြသည်။

ဗီဒီယိုများ