- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်ပိုးတွေ့ရှိသူနှင့် သေဆုံးသူ လျှော့နည်းလာသော်လည်း ရောဂါကူးစက်မှုရှိနေသေးသဖြင့် မပေါ့ဆရန် ကျန်းမာရေးဌာနတာဝန်ရှိသူပြော
ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူဦးရေမှာ ယခုတပတ်အတွင်း လျှော့နည်းလာသော်လည်း ကိုဗစ်စည်းကမ်းများနဲ့ပတ်သက်၍မပေါ့ဆကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG မှတဆင့် တိုက်တွန်းပြောကြားသည်။
16 Aug 2021
DMG ၊ သြဂုတ် ၁၆
ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူဦးရေမှာ ယခုတပတ်အတွင်း လျှော့နည်းလာသော်လည်း ကိုဗစ်စည်းကမ်းများနဲ့ပတ်သက်၍မပေါ့ဆကြရန် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG မှတဆင့် တိုက်တွန်းပြောကြားသည်။
ကိုဗစ်တတိယလှိုင်း ပထမသုံးလအတွင်း ရောဂါပိုးစစ်ဆေးသူ ၁၀၀ ဦးတွင် ၅၈ ဦးအထိတွေ့ရှိခဲ့သော်လည်း ယခုလတွင် ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးသူ လျှော့နည်းလာသည့်အခြေအနေတွင်ရှိကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။
“ဒီလအတွင်းမှာတော့ ရောဂါပိုးတွေ့နှုန်းတွေနဲ့ သေဆုံးနှုန်းတွေနည်းနည်းတော့ လျှော့ကျလာတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေအနေနဲ့ ကိုဗစ်တတိယလှိုင်းမပျောက်သေးတဲ့အတွက် ကိုဗစ်စည်းကမ်းတွေနဲ့ပတ်သက်ပြီးတော့ မပေါ့ဆသင့်ဘူး။ အဓိကတော့ မိမိကိုယ်ကိုကာကွယ်ဖို့လိုတယ်”ဟု ၎င်းကဆိုသည်။
ကိုဗစ်ရောဂါကြောင့် ပြည်နယ်အတွင်း ဒုတိယသေဆုံးမှုအများဆုံးမြို့ဖြစ်သည့် တောင်ကုတ်မြို့နယ်တွင်လည်း ယခုသြဂုတ်လ ဒုတိယအပတ်မှစတင်ကာ ပိုးတွေ့လူနာနှင့် သေဆုံးသူဦးရေမှာ ယခင်ကထက် အဆပေါင်းများစွာလျှော့နည်းလာသည်ဟု တောင်ကုတ်မြို့နယ် ပြည့်သူ့ဆက်ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဝင်းကပြောသည်။
"အခုကတော့ ကိုဗစ်ပိုးတွေ့လူနာလဲနည်းလာတယ်။ တစ်နေ့ကို တစ်ယောက်လောက်ဘဲ ပိုးတွေ့လူနာရှိလာတော့တယ်။ အရင်ကထက် အဆပေါင်းများစွာ လျှော့နည်းလာတာကိုတွေ့မြင်လာရတယ်" ဟု ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် မေလ ၁၂ ရက်နေ့မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ၃ လကျော်အတွင်း ကိုဗစ်အတည်ပြုလူနာများထဲမှ သေဆုံးသူစုစုပေါင်း ၃၃၃ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ယင်းသို့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင်(၈၇)ဦး၊ မောင်တော(၁၇)ဦး၊ သံတွဲ(၃၀)ဦး၊ တောင်ကုတ် (၆၄)ဦး၊ ဘူးသီးတောင်(၄)ဦး၊ ကျောက်တော်(၁၆)ဦး၊ မင်းပြား (၁၀)ဦး၊ ဂွ(၁၄)ဦး၊ ကျောက်ဖြူ(၂၇)ဦး၊ ရမ်းဗြဲ(၆)ဦး၊ ပုဏ္ဏားကျွန်း(၇)ဦး၊ ပေါက်တော(၁၀)ဦး၊ အမ်း(၁၁)ဦး၊ မြောက်ဦး(၁၂)ဦး၊ ရသေ့တောင်(၇)ဦးနှင့် မာန်အောင်(၁၁)ဦးတို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်စည်းကမ်းနဲ့ပတ်သက်ပြီး ပြည်သူလူထုများ စည်းကမ်းလိုက်နာရှိစေရန်နှင့် ကိုဗစ်စည်းကမ်းမလိုက်နာသူများကို တင်းကျပ်စွာအရေးယူဆောင်ရွက်နေကြောင်း ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက DMG သို့ပြောသည်။
“ကိုဗစ်က လျှော့ကျလာတဲ့အခြေအနေမျိုးမှာရှိနေတယ်။ ဒါပေမဲ့ ပျောက်သွားတာမဟုတ်သေးဘူး၊ အန္တရာယ်ရှိနေသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ စည်းကမ်းကိုလိုက်နာရမယ်။ ကျနော်တို့က လူထုအသိပေးမှုတွေလုပ်နေတယ်။ စည်းကမ်းလိုက်နာမှုမရှိသူတွေကို အရေးယူဆောင်ရွက်နေတယ်”ဟု ၎င်းကဆိုသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ရခိုင်ပြည်အတွင်း Stay at Home ကာလကို ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ကို ပထမအကြိမ်သတ်မှတ်ထုတ်ပြန်ခဲ့သည်။ ယင်းကာလအတွင်း ရောဂါပိုးကူးစက်နှုန်း၊ သေဆုံးမှုများ ဆက်လက်ရှိနေသည်အတွက် သြဂုတ် ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိကို Stay at home ကာလအဖြစ် ထပ်မံသက်တမ်းတိုးမြှင့် ထုတ်ပြန်ထားသည်။
ရခိုင်တွင် သြဂုတ် ၁၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၃၅၇၃ ဦးရှိပြီး သေဆုံးသူ ၃၃၃ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၄၃၀ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။