- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြေပုံနှင့် ရသေ့တောင်မြို့တို့တွင် ရေရှားပါးမှုနှင့်ကြုံနေရ
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကျေးရွာအချို့နှင့် ရသေ့တောင်မြို့တို့တွင် ရေကန်များ ရေခမ်းခြောက်နေသဖြင့် နွေရာသီရေရှားပါးမှုနှင့် ကြုံတွေ့နေရကာ အချို့နေရာများတွင် ရေကိုအကန့်အသတ်ဖြင့် ခပ်ယူသုံးစွဲ နေရကြောင်း ဒေသခံများထံမှသိရသည်။
28 Apr 2022
DMG ၊ ဧပြီ ၂၈
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ကျေးရွာအချို့နှင့် ရသေ့တောင်မြို့တို့တွင် ရေကန်များ ရေခမ်းခြောက်နေသဖြင့် နွေရာသီရေရှားပါးမှုနှင့် ကြုံတွေ့နေရကာ အချို့နေရာများတွင် ရေကိုအကန့်အသတ်ဖြင့် ခပ်ယူသုံးစွဲ နေရကြောင်း ဒေသခံများထံမှသိရသည်။
မြေပုံမြို့နယ်ရှိ ကျောက်ဖလား၊ ကျောက်တန်း၊ ကျောက်မိုး၊ မောင်ရှင်နှင့် ဝါးခုတ်ချောင်း စသည့်ကျေးရွာများတွင် ရေတွင်း၊ရေကန်များ၌ ရေခမ်းခြောက်နေသဖြင့် သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများကပြောသည်။
“ကျနော်တို့ရွာက ရေတွင်း၊ရေကန်တွေမှာ ရေခမ်းနေတဲ့အတွက် တစ်မိုင်လောက်ဝေးတဲ့နေရာက ရေသွားခပ်နေရတယ်။ ရွာသားတွေက အဲဒီနေရာကနေတွန်းလှည်းတွေ၊ ရေဗုံးတွေယူပြီး သွားခပ်ရတာပေါ့။ အဲဒီနေရာက တောင်ကြိုတောင်ကြားဖြစ်နေတော့ ရေတော့မခမ်းသေးဘူး”ဟု ကျောက်ဖလားကျေးရွာသား ဆလိုင်းအောင်လင်းထွန်းက DMG သို့ပြောသည်။
အဆိုပါဒေသတွင် ဧပြီလသို့ရောက်သည်နှင့် နှစ်စဉ်ရေရှားပါးမှုဒဏ်ကိုခံကြရပြီး စိုက်ပျိုးရေးလုပ်ငန်းများ အတွက်လည်း ထိခိုက်မှုရှိနေကြောင်း သိရသည်။
“ကျနော်တို့ရွာတွေမှာက ရေတွင်း၊ရေကန်နည်းတယ်။ ရေခမ်းခြောက်မှုဒဏ်ခံရတာကတော့ နှစ်တိုင်းခံရတာပဲ။ အခုဆို ရွာသားတွေအားထားနေရတဲ့ ရေတွင်း၊ရေကန်တွေမှာ ရေတော်တော်ခမ်းနေပြီ။ စိုက်ပျိုးရေးလုပ်တဲ့ သူတွေအတွက်ဆို ရေရှားပါးတော့နစ်နာတာပေါ့”ဟု ဆလိုင်းအောင်လင်းထွန်းက ဆိုသည်။
အလားတူ ရသေ့တောင်မြို့ပေါ်ရှိ ကန်တော်ကြီးနှင့် အခြားသော သောက်သုံးရေကန်များမှာလည်း ရေခမ်းခြောက်နေပြီး ရေအနည်းငယ်ရှိသောကန်များမှာလည်း ရေသန့်ရှင်းမှုမရှိသောကြောင့် သုံးစွဲမှုများမှာ ခန္ဓာကိုယ်ယားယံမှုများဖြစ်ပေါ်ကြသည်ဟု ရသေ့တောင်မြို့ခံ ကိုဝင်းလှိုင်ချေက DMG သို့ပြောသည်။
“ရေက ကန်တော်ကြီးနဲ့ တချို့ကန်တွေမှာတော့ ခမ်းနေပြီ။ တချို့မခမ်းသေးတဲ့ကန်တွေကလည်း မသန့်ရှင်းတဲ့ရေက အနံ့နံပြီး ယားယံတာတွေဖြစ်တယ်။ ရသေ့တောင်မြို့ အရှေ့မြောက်ဘက်မှာဆို ရေခပ်ရင် တွန်းလှည်းနဲ့မခပ်ရတော့ဘူး။ တစ်အိမ်ကို တစ်ဗူးကျခပ်ရမယ်လို့ သတ်မှတ်ထားတာတွေလည်းရှိတယ်”ဟု ကိုဝင်းလှိုင်ချေကဆိုသည်။
ရသေ့တောင်မြို့ပေါ်တွင် တစ်နေ့လျှင် လူတစ်ဦးကိုရေအိုးခွက် ၂ လုံးစီသာ ရေခပ်ယူရန်ကန့်သတ်ထားကြောင်း သိရသည်။
ထိုသို့ရေရှားပါးမှုပြဿနာနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူကို ဆက်သွယ်ခဲ့သော်လည်း မအားသေးဟု တုန့်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကမူ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၁ ခုတွင် ရေရှားပါးချိန်၌ အချိန်မီရေပေးဝေနိုင်ရန်စီစဉ်ထားကြောင်း DMG သို့ ပြောကြားထားသည်။ ထိုမြို့နယ်များထဲတွင် စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ အမ်း၊ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ပါဝင်သည်။
လက်ရှိ ရေရှားပါးမှုဖြစ်ပေါ်နေသည့် မြို့နယ်များတွင် ရေဖြန့်ဝေပေးမည့်အစီအစဉ်အား ပြည်နယ်ကျေးလက်ဦးစီးဌာနသို့မေးမြန်းခဲ့ရာ ဦးစီးအရာရှိတစ်ဦးက “အခု ရေမပေးဝေသေးဘူး”ဟု ပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း မြို့ကိုအဓိကရေပေးဝေနေသည့် ကန်တော်ကြီးရေကန်နှင့် ဗျိုင်းဖြူရွာ ရေကန်တို့မှာ ရေခမ်းခြောက်လာသဖြင့် ရပ်ကွက်တချို့တွင် ရေအခက်အခဲနှင့်ကြုံတွေ့နေရသည်။