- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းပါ ဒေသခံသုံးဦးကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုပုဒ်မဖြင့် စွဲချက်တင်
လူထုဇော်ဝင်းအပါအဝင် ဒေသခံသုံးဦးကို ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ ခြောက်လခန့်ကြာ ရုံးထုတ်စစ်ဆေးပြီးနောက် ယနေ့ရုံးချိန်းတွင် စွဲချက်တင်ရန် အမိန့်ချလိုက်ခြင်းဖြစ်သည်။
03 Jan 2023
တရားစွဲဆိုခံထားရသည့် ကျောက်တော်ဒေသခံ လူထုဇော်ဝင်း / ဓာတ်ပုံ - Facebook
DMG ၊ ဇန်နဝါရီ ၃
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်းအပါအဝင် ဒေသခံ (၃) ဦးတို့ကို နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ - က ဖြင့် ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကျောက်တော်မြို့နယ်တရားရုံးမှ စွဲချက်တင်ရန် အမိန့်ချလိုက်ကြောင်း အမှုလိုက်ရှေ့နေနှင့် မိသားစုဝင်များထံမှ သိရသည်။
လူထုဇော်ဝင်းအပါအဝင် ဒေသခံသုံးဦးကို ရက္ခိုင့်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ ခြောက်လခန့်ကြာ ရုံးထုတ်စစ်ဆေးပြီးနောက် ယနေ့ရုံးချိန်းတွင် စွဲချက်တင်ရန် အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုကြသည်။
“ဒီနေ့ရုံးချိန်းမှာ အပြစ်ရှိလား။ မရှိဘူးလားဆိုပြီးမေးတယ်။ နောက် AA နဲ့ ဆက်စပ်မှုရှိလား၊ မရှိဘူးလားဆိုပြီး မေးတယ်။ ကျမမောင်လေးက ပြောတယ်။ အပြစ်မရှိဘူး။ AA နဲ့လည်း ဘာမှဆက်စပ်မှုမရှိဘူးဆိုပြီး ဖြေခဲ့တယ်။ အဲဒီနောက် စွဲချက်တင်လိုက်တာလို့ ပြောတယ်။ တခြားဘာမှ ထပ်မမေးတော့ဘူးတဲ့” ဟု တရားစွဲဆိုခံထားရသည့် ကျောက်တော်ဒေသခံ ကိုဇော်မင်းထက်၏ ပြောကြားချက်ကို အစ်မဖြစ်သူ မညိုညိုက တစ်ဆင့်ခံ ပြောသည်။
တရားစွဲဆိုခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း(ခ)ကိုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မင်းထက်နှင့် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီးမောင်းနှင်သူ ဦးကျော်သန်းမောင်တို့ ဖြစ်ကြသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်ကနေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီးသွားပြီးနောက် ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်တော်ဒေသခံအများအပြားကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ယင်းအထဲမှ တစ်ချို့ကို လွှတ်ပေးခဲ့သော်လည်း ကိုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးမှာ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရပြီးနောက် ဇူလိုင်လ ၁၃ ရက်နေ့တွင် စတင်ရုံးထုတ်ခဲ့ကာ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့တွင် စွဲချက်တင်လိုက်ခြင်းဖြစ်သည်။
ယခုအမှုနှင့်ပတ်သက်၍ လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကို ထပ်မံရုံးချိန်းထားပြီး ယင်းနေ့တွင် စွပ်စွဲခံထားရသူများနှင့် ခံပြသက်သေများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောသည်။
“သူတို့သုံးဦးအမှုနဲ့ပတ်သက်လို့ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့ကို ထပ်ချိန်းလိုက်တယ်။ အဲဒီနေ့မှာ ကိုဇော်ဝင်းတို့ကို စစ်ဆေးသွားမှာ။ တရားစွဲဆိုခံထားရသူတွေနဲ့ ခံပြသက်တွေကို စစ်ဆေးသွားမှာပါ” ဟု သူက ပြောသည်။
၎င်းတို့သုံးဦးမှာ မြန်မာစစ်တပ်နှင့် AA တို့ တကျော့ပြန်စစ်ရေးတင်းမာနေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သလို AA နှင့်လည်း ပတ်သက်ဆက်နွယ်မှုမရှိသဖြင့် ယခုကဲ့သို့ အပစ်ရပ်ကာလတွင် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း တရားစွဲခံထားရသည့် ကိုဇော်မင်းထက်၏ အစ်မဖြစ်သူ မညိုညိုက တောင်းဆိုသည်။
“ကျမတို့ ရုံးချိန်းကို ထပ်ကာတလဲလဲသွားနေရတော့ ငွေကြေးကုန်ကျတာတွေလည်း အရမ်းများလာတယ်။ အခုလည်း လာမယ့် ၁၀ ရက်နေ့ ထပ်ပြီးရုံးချိန်းလိုက်တယ်။ ဘယ်လိုအခြေအနေဖြစ်လာမလဲတော့ မသိဘူး။ ကျမတို့ကတော့ အပြစ်မရှိတဲ့ ကျမမောင်လေးတို့ကို အခုလို ငြိမ်းချမ်းရေးယူထားတဲ့ ကာလမျိုးမှာ သနားငဲ့ညှာသောအားဖြင့် ပြန်လွှတ်ပေးစေချင်ပါတယ်။ အပြစ်မရှိဘဲ အခုလိုချုပ်နှောင်ခံနေရတာ သူ့တွက်လည်းနစ်နာတယ်” ဟု ၎င်းက ပြောသည်။
မြန်မာစစ်တပ်နှင့် AA တို့ကြား ၅ လခန့်ကြာ အပြင်းအထန်ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် နှစ်ဖက်နားလည်မှုဖြင့် ရပ်တန့်ခဲ့ကြသည်။
အပစ်ရပ်ထားချိန်တွင် မြန်မာစစ်တပ်ဘက်မှ ဖမ်းဆီးတရားစွဲဆိုထားသည့် ဒေသခံအချို့ကိုလည်း ပြန်လည်လွှတ်ပေးခြင်းများ ရှိလာနေသဖြင့် အခြားသော ဖမ်းဆီးတရားစွဲဆိုထားသူများကိုလည်း ပြန်လွှတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရား အသင်းဆက်သွယ်မှု ဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူအရေအတွက်မှာ လေးလအတွင်း ၄၆ ဦး အထိရှိခဲ့ကြောင်း DMG က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။
#R009