သက္ကမာအမည်ကို တရားဝင်ရရှိရေး (၁၁)ကြိမ်မြောက်သက္ကမာအမျိုးသားနေ့တွင် တောင်းဆို

(၁၁)ကြိမ်မြောက်သက္ကမာအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မန်ကျည်းပင်ကြီးကျေးရွာ၌ ဇန်နဝါရီလ ၇ ရက်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

By DMG 08 Jan 2022

DMG ၊ ဇန်နဝါရီ ၈

သက္ကမာလူမျိုးအမည်ကို တရားဝင်ရရှိရေးအတွက် ယနေ့ပြုလုပ်သည့် (၁၁)ကြိမ်မြောက်သက္ကမာအမျိုးသားနေ့တွင် တောင်းဆိုကြသည်။

(၁၁)ကြိမ်မြောက်သက္ကမာအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မန်ကျည်းပင်ကြီးကျေးရွာ၌ ဇန်နဝါရီလ ၇ ရက်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

သက္ကမာလူမျိုးများကို ဒိုင်းနက်လူမျိုးဟုခေါ်ဝေါ်သုံးစွဲရာမှ မူရင်းအမည်ဖြစ်သော သက္ကမာအမည်ကိုပြန်လည်ရရှိရန် (၁၁)ကြိမ်မြောက် သက္ကမာအမျိုးသားနေ့တွင်တောင်းဆိုကြောင်း အခမ်းအနားဖြစ်မြောက်ရေးစီစဉ်ကျင်းပခဲ့သည့် အရှဇာတိပါလက မိန့်ကြားသည်။

ထိုပြင် ယဉ်ကျေးမှုမပျောက်ပျက်စေရန်နှင့် တိုင်းရင်းသားလူမျိုးများမှ စည်းလုံးညီညွတ်စေရန်ရည်ရွယ်ပြီး သက္ကမာအမျိုးသားနေ့ကိုကျင်းပခြင်းဖြစ်ကြောင်းလည်း ဆရာတော်ကမိန့်သည်။

“ဇန်နဝါရီ ၇ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ရတာက ၆ ရက်နေ့မှာ သက္ကမာလူမျိုးတွေဟာ ပဒေသရာဇ်နိုင်ငံခေတ်ပျောက်သွားတဲ့အတွက် ၇ ရက်နေ့မှာ ပြန်လည်ဖော်ထုတ်တဲ့အနေနဲ့ သတ်မှတ်ရတာပါ”ဟု ဆရာတော်ကရှင်းပြသည်။

သက္ကမာ စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးကျော်သိန်းမောင်ကလည်း မူရင်းအမည်ဖြစ်သည့်သက္ကမာအမည်ကို တရားဝင်ရရှိရန်အတွက် အဆင့်ဆင့်တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ပြောသည်။

“မူရင်းသက္ကမာအမည်ပျောက်ကွယ်ခဲ့တာ နှစ်ပေါင်း ၇၀၀ ကျော်လောက်ရှိပြီ။ ဒိုင်းနက်အမည်ဟာ ကျွန်အမည်ဖြစ်တာကြောင့် သက္ကမာအမည် တရားဝင်ပြန်လည်ရရှိဖို့အတွက် ပြည်နယ်ကနေတဆင့် ကျနော်တို့တောင်းဆိုသွားမယ်"ဟု ၎င်းကဆိုသည်။

သက္ကမာအမည်ကိုသိသူ ယခင်ကမရှိသလောက်ဖြစ်ခဲ့သော်လည်း လက်ရှိမှာ အခြားတိုင်းရင်းသားများမှ အနည်းငယ်သိရှိလာကြပြီဖြစ်ကြောင်း ဦးကျော်သိန်းမောင်က ဆက်ပြောသည်။

အဆိုပါမျိုးနွယ်စုမှာ ဒိုင်းနက်ဟူသည့်အမည်ဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူမျိုးရေး စသည့်အခန်းကဏ္ဍများတွက် ဖိနှိပ်ခံခဲ့ရသည်ဟု သက္ကမာအမျိုးသားနေ့ကိုတက်ရောက်ခဲ့သည့် ဘူးသီးတောင်မြို့နယ်မှ စာပေနှင့်ယဉ်ကျေးမှု ခရိုင်ဥက္ကဋ္ဌ ဦးဘသောင်းကပြောသည်။

“ကျနော်တို့မျိုးနွယ်စုတွေကို ဒိုင်းနက်လူမျိုးဆိုပြီးတော့ အဖက်ဖက်ကနေဖိနှိပ်ခံရတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကအစ ပေါ့နော်။ အခုတော့ နည်းနည်းပွင့်လင်းလာတဲ့အတွက် အရင်တုန်းကလောက် ဖိနှိပ်မခံရတော့ဘူး။ ဒိုင်းနက်ဆိုရင် ချိုနဲ့လားလို့ အပြောခံ့ရတာတွေလည်းရှိခဲ့တယ်”ဟု ၎င်းကဆိုသည်။

(၁၁)ကြိမ်မြောက်သက္ကမာအမျိုးသားနေ့ကို သက္ကမာ စာပေယဉ်ကျေးမှုအသင်းနှင့် သက္ကမာဌာနေတိုင်းရင်းသားလူငယ်များအစည်းအသင်း(CIYA)တို့မှ ဦးဆောင်ကျင်းပခဲ့ပြီး သက္ကမာရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကာ ပွဲတော်သို့လူဦးရေထောင်နှင့်ချီ ပွဲတော်သို့တက်ရောက်ခဲ့သည်။

ယမန်နှစ်က ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်မှုကြောင့် သက္ကမာအမျိုးသားနေ့ကို မြောက်ဦးမြို့နယ်၊ ရွှေတောင်ကျေးရွာတွင် အကျဉ်းချုပ်ကျင်းပခဲ့ရသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်ဖြစ်သော သက္ကမာလူမျိုးများမှာ လူဦးရေငါးသောင်းခန့်ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ်များတွင် အများစုနေထိုင်ကြကြောင်း သိရသည်။