ကြွက်ကိုမနိုင်လို့ ကျီကိုမီးရှို့နေတဲ့ စစ်ကောင်စီ 

တိုင်းရင်းသားမဟာမိတ် တပ်ပေါင်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း တဖြည်းဖြည်း အရေးနိမ့်လာနေတာကြောင့် စစ်ကောင်စီရဲ့ရန်ငြိုးဟာ လက်နက်မဲ့ ပြည်သူတွေဘက်ကို မြှားဦးလှည့်လာတာကို တွေ့မြင်နေရပါတယ်။

By Admin 15 Nov 2023

အာဏာသိမ်းစစ်ကောင်စီ၏ (၇၆) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား။ ဓာတ်ပုံ - cincds
အာဏာသိမ်းစစ်ကောင်စီ၏ (၇၆) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား။ ဓာတ်ပုံ - cincds

အယ်ဒီတာ့အာဘော်

လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ နိုင်ငံတဝှမ်း တိုက်ပွဲဧရိယာကျယ်ပြန့်လာမှုကို ရင်ဆိုင်နေရပါတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ မြို့နယ်တချို့ကိုလည်း ဆက်တိုက်ဆိုသလို ဆုံးရှုံးနေရပါတယ်။

စစ်ကောင်စီကို ပြည်သူတွေရဲ့ ထောက်ခံမှုမှာ အနှုတ်လက္ခဏာပြနေပြီး စစ်ကောင်စီလက်အောက်ခံတပ်တွေရဲ့ ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံနေတာတွေကြောင့်လည်း နိုင်ငံတကာမျက်နှာစာမှာ ရွံရှာဖွယ်ရာအဖြစ် ဆက်ဆံခံနေရပါတယ်။

တိုင်းရင်းသားမဟာမိတ် တပ်ပေါင်းစုတွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာလည်း တဖြည်းဖြည်း အရေးနိမ့်လာနေတာကြောင့် စစ်ကောင်စီရဲ့ရန်ငြိုးဟာ လက်နက်မဲ့ ပြည်သူတွေဘက်ကို မြှားဦးလှည့်လာတာကို တွေ့မြင်နေရပါတယ်။

အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲတိုက်တာတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေတာပါ။ မိမိတို့ရဲ့ အာဏာတည်မြဲရေးတစ်ခုတည်း အတွက်ကိုသာကြည့်ပြီး ပြည်သူကိုတောင် ရန်သူလို ဆက်ဆံနေတာကိုလည်း ကြုံတွေ့လာနေရပါတယ်။

အထူးသဖြင့် စစ်ကောင်စီရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ဖော်ထုတ်ရေးသားနေကြတဲ့ သတင်းမီဒီယာသမားတွေကို အဓိကပစ်မှတ်ထားလာပြီး ဖမ်းဆီးထိန်းသိမ်းမှုတွေ အများအပြားကိုလည်း လုပ်ဆောင်နေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာသမား ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၅၀ ထက်မနည်းမှာလည်း အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲဖြစ်ပါတယ်။

သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်တဲ့ကုမ္ပဏီ အနည်းဆုံး ၁၃ ခုမှာလည်း လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံခဲ့ရပါတယ်။ ဒါဟာ တရားဝင်ခွင့်ပြုပေးထားတဲ့ မီဒီယာလုပ်ငန်းကြီးတွေသာရှိသေးပြီး အွန်လိုင်းကနေ ဆိုရှယ်မီဒီယာလုပ်ငန်း လုပ်သူတွေနဲ့ တိုင်းရင်းသားမီဒီယာ အများအပြားဟာလည်း ပိတ်သိမ်းခံထားရဆဲ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာတွေကို နှိပ်ကွပ်ရုံနဲ့ သူတို့ရဲ့ “ဆင်သေကို ဆိတ်သားရေနဲ့ဖုံး”ထားတဲ့ လုပ်ရပ်တွေ လုံခြုံမယ်လို့ ယုံကြည်နေပုံလည်း ရပါတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာ လူတစ်ဦးတိုင်းစီက မီဒီယာတစ်ခုလို ဖြစ်နေတာကြောင့် သတင်းမီဒီယာကို ဘယ်လောက်ပဲ နှိပ်ကွပ်ပါစေ သတင်းအချက်အလက်ကိုတော့ ဖုံးဖိလို့ မရနိုင်တော့ပါဘူး။

ကမ္ဘာတဝှမ်း သတင်းသမားလုံခြုံမှုမရှိဆုံး နိုင်ငံတွေထဲမှာဆိုလည်း မြန်မာနိုင်ငံဟာ (တတိယ) ထိပ်ဆုံးပိုင်းမှာ ပါဝင်လို့နေပါတယ်။ စစ်ကောင်စီအနေနဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ရေးတင်းမာမှု စတင်ချိန်ကတည်းက ရခိုင်က သတင်းမီဒီယာတွေကို သတင်းစာရှင်းလင်းပွဲတွေကတဆင့် ခြိမ်းခြောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ 

အဲဒီနောက်ပိုင်းမှာတော့ ဆက်တိုက်ဆိုသလို ရခိုင်အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ DMG ၊ Narinjara နဲ့ Western News သတင်းဌာနတွေရဲ့ အယ်ဒီတာချုပ်တွေကို အမှုဖွင့်အရေးယူ၊ တရားစွဲဆိုတာမျိုးကို လုပ်ဆောင်လာခဲ့ပါတယ်။ ဒါ့အပြင် သတင်းသမား ၁၀ ယောက်ထက် မနည်းကိုလည်း အမှုဖွင့် အရေးယူထားပါတယ်။ DMG သတင်းဌာနအနေနဲ့ လက်ရှိအချိန်ထိ တရားစွဲဆိုခံထားရသူ ၇ ဦးအထိရှိနေပြီး နှစ်ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီဟာ ရခိုင်အခြေစိုက်သတင်းမီဒီယာတွေကို အငြိုးအတေးထားကာ အမြစ်ပြတ်ချေမှုန်းဖို့ လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားနေပါတယ်။ လက်နက်အားကိုးနဲ့ လူမိုက်ဆန်ဆန် လုပ်ရပ်တွေဟာ စစ်ကောင်စီရဲ့ သရုပ်မှန်ဆိုပေမဲ့ သတင်းဌာနတစ်ခုကို သူပုန်စခန်းတစ်ခုလို လက်နက်အပြည့်အစုံနဲ့ ဝင်ရောက်စီးနင်းခံရမှု ကြုံတွေ့ခဲ့ရတာကတော့ ရခိုင်ဒေသမှာ DMG သတင်းဌာနဟာ ပထမဦးဆုံးပဲ ဖြစ်ပါတယ်။

ရခိုင်အခြေစိုက် သတင်းမီဒီယာသမားတွေထဲမှာလည်း DMG သတင်းဌာနရဲ့ သတင်းထောက် ကိုထက်အောင်ဟာ ပထမဦးဆုံး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းသမားတစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကို ကြည့်ရသလောက်ဆိုရင် သူတို့ကို လော်ဘီလုပ်ပေးနေတဲ့ မီဒီယာတွေကလွဲရင် ရခိုင်ပြည်တစ်ခုတည်းသာမက မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းဌာနတွေကိုလည်း ရပ်တည်လို့မရအောင်အထိ နည်းမျိုးစုံနဲ့ နှိပ်ကွပ်သွားဖို့ လုပ်ဆောင်နေတာတွေကို မြင်တွေ့နေရပါတယ်။

တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အရေးမလှတဲ့ စစ်ကောင်စီဟာ ဝါးလုံးရှည်နဲ့ရမ်းတဲ့ပုံစံမျိုး လက်နက်မဲ့ ပြည်သူတွေကို ရန်မူလာပြီး အထူးသဖြင့် သတင်းမီဒီယာတွေကို ပိုပြီးပစ်မှတ်ထားလာတာပါ။ 

တိုင်းပြည်တစ်ခုမှာ သတင်းမီဒီယာဆိုတာ လူထုရဲ့ မျက်စိနဲ့နားပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီအနေနဲ့ လူထုရဲ့ မျက်စိနဲ့နားကို ပိတ်ချင်တာကြောင့် သတင်းမီဒီယာတွေကို နှိပ်ကွပ်လာတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်တွင်းက သတင်းမီဒီယာတွေကို သတ်လိုက်တာဟာ ရခိုင်ပြည်သူတွေကို သတ်လိုက်တာနဲ့ အတူတူပါပဲ။ စစ်ကောင်စီမှာပါဝင်နေတဲ့ ရခိုင်တချို့အတွက်တော့ ဒါဟာ သူတို့ရဲ့သမိုင်းမှာ အမည်းစက်တစ်ခုအဖြစ် ထင်ကျန်ခဲ့မှာလည်း ဖြစ်ပါတယ်။

“ဓါးသွားထက် ကလောင်သွားကထက်တယ်” ဆိုတဲ့ စကားပုံလို သတင်းမီဒီယာကို အသေသတ်လို့ မရဘူးဆိုတာကို စစ်ကောင်စီအနေနဲ့ သဘောပေါက်ဖို့ လိုပါတယ်။ ကုန်းဘောင်ခေတ်မှာတောင် မင်းတုန်းမင်းကြီးက “ငါမကောင်းရင် ငါ့ကိုရေး၊ ငါ့ မိဖုရားမကောင်းရင် ငါ့မိဖုရားကိုရေး” ဆိုပြီး သတင်းလွတ်လပ်ခွင့်ကို ခွင့်ပြုပေးခဲ့ပါသေးတယ်။

ဒီနေ့ခေတ် ကမ္ဘာကြီးဟာ ရွာတစ်ရွာလို ဖြစ်နေတဲ့အချိန်မှာ သတင်းမီဒီယာတွေကို ပိတ်ပင်တားဆီး၊ ဖြိုဖျက်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အောက်တန်းကျလှပြီး ကြွက်ကိုမနိုင်လို့ ကျီကိုမီးရှို့တယ်ဆိုတဲ့ အယူအဆဟာလည်း လူဖျင်းလူညံ့တွေရဲ့ တွေးခေါ်စဉ်းစားပုံပဲ ဖြစ်တယ်ဆိုတာကို စစ်ကောင်စီအနေနဲ့ သဘောပေါက်ဖို့ လိုအပ်ပါလိမ့်မယ်။

သတင်းမီဒီယာများ အဓွန့်ရှည် တည်တံ့ပါစေ။

ဗီဒီယိုများ