မီးလောင်ပျက်စီးသွားသည့် တင်းမကျေးရွာကို ပြုပြင်တည်ဆောက်ပေးရန် ကျေးရွာသားများက ပြည်နယ်ကောင်စီသို့ တင်ပြထား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ် ၁၃၀ ကျော် အပါအဝင် လက်နက်ကြီးကျရောက်မှုကြောင့်ပျက်စီးသွားခဲ့သည့် ဘုန်းတော်ကြီးကျောင်းတို့ကို ပြုပြင် တည်ဆောက်ပေးရန်အတွက် ပြည်နယ်ကောင်စီထံတင်ပြထားကြောင်း တင်းမကျေးရွာကျောင်းထိုင် ဆရာတော်နှင့် ကျေးရွာသားများထံမှ သိရသည်။

29 Apr 2021

ဓါတ်ပုံ - တင်းမဆရာတော်

DMG ၊ ဧပြီ ၂၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ် ၁၃၀ ကျော် အပါအဝင် လက်နက်ကြီးကျရောက်မှုကြောင့်ပျက်စီးသွားခဲ့သည့် ဘုန်းတော်ကြီးကျောင်းတို့ကို ပြုပြင် တည်ဆောက်ပေးရန်အတွက် ပြည်နယ်ကောင်စီထံတင်ပြထားကြောင်း တင်းမကျေးရွာကျောင်းထိုင် ဆရာတော်နှင့် ကျေးရွာသားများထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် တင်းမကျေးရွာသားများမှာ ကျေးရွာကိုစွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီးနောက်တွင် ကျေးရွာ အတွင်းမှနေအိမ်များ မီးရှို့ခံခဲ့ရကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ယခုနှစ် မတ်လ ၂၃ ရက်နေ့က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် တင်းမကျေးရွာသို့ သွားရောက်ကြည့်ရှုခဲ့ရာတွင် လက်နက်ကြီးကျရောက်မှုနှင့် မီးလောင်မှုကြောင့် ပျက်စီးနေသည့် အိမ်ခြေ ၁၃၂ ဆောင်နှင့် ဘုန်တော်ကြီးကျောင်းတို့ပျက်စီးနေမှုကို စာရင်းကောက်ယူရရှိခဲ့ကြောင်း တင်းမကျေးရွာမှ ဦးစောသိန်းက DMG သို့ ပြောသည်။

အဆိုပါ မီးလောင်ပျက်စီးနေအိမ်များနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတို့အား ပြန်လည်ပြုပြင်ပေးရန် ပြည်နယ်ကောင်စီထံ ဧပြီလ ၂၆ ရက်နေ့က တင်ပြထားကြောင်း တင်းမကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးဝါယမိန္ဒက မိန့်သည်။

“ထွက်ပြေးတိမ်ရှောင်နေရတဲ့ တင်းမကျေးရွာသားတွေ နေရပ်ပြန်နိုင်ဖို့နဲ့ မီးလောင်းပျက်စီးသွားတဲ့ အိမ်တွေကို ပြန်လည်ဆောက်လုပ်ဖို့အတွက် ပြည်နယ်ကောင်စီကို တင်ပြထားတာရှိတယ်။ ဦးဇင်းကနေ ဦးဆောင်ပြီးတော့ ဒီလ ၂၆ ရက်နေ့က တင်ပြထားတယ်။ သူတို့လည်း ဆောက်ပေးမယ့်လို့ပြောတယ်၊ ဘယ်နေ့ဆောက်မယ် ဆိုတာကိုတော့ အကြောင်းပြန်တာမရှိသေးဘူး” ဟု ဆရာတော်က မိန့်သည်။

လက်ရှိတွင် တင်းမကျေးရွာသားများမှာ ကျောက်တော်မြို့နယ် ညောင်းချောင်းစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်များတွင် ယာယီခိုလှုံလျက်ရှိကြောင်း သိရသည်။

“အဓိက ကျနော်တို့ နေရပ်ပြန်မယ်ဆိုရင် စစ်ကျန်လက်နက်တွေကို ရှင်းပေးစေချင်တယ်။ နောက်ပြီးတော့ ပျက်စီးသွားတဲ့နေအိမ်တွေကို ပြန်ဆောက်ပေးဖို့လိုတယ်။ အခုလောလောစဉ်အိမ်ပြန်မယ်ဆိုရင် ကျနော်တို့မှာ လုပ်ကိုင်စားသောက်မယ့် ကျွဲ၊ နွားတွေလည်းမရှိတော့ဘူးဆိုတော့ စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့လိုတယ်” တင်းမကျေးရွာသား ဦးစောသိန်းက ဆိုသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက စစ်ဘေးရှောင်များနေရပ်ပြန်ပါက ပျက်စီးနေသည့်နေအိမ်များကို ပြုပြင်ပေးပြီး စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၆ ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။

တင်းမကျေးရွာသားများ နေရပ်စွန့်ခွာထွက်မပြေးမီက ဖမ်းဆီးခံခဲ့ရသည့် တင်းမကျေးရွာသား ၁၈ ဦးမှာလည်း တစ်နှစ်ကျော်ကြာသည်အထိ သတင်းအစအနမရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

တင်းမကျေးရွာသားများ ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာအတွင်းက မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမလာသေးကြောင်း မိသားစုများက ဆိုသည်။