- ပုဏ္ဏားကျွန်းတွင် မြန်မာစစ်တပ်နှင့် AA တို့ စစ်သုံ့ပန်းများ ထပ်မံလှဲလှယ်
- အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) ဖွဲ့စည်းထားမှုကို အသိအမှတ်ပြုပေးရန် တောင်းဆို
- ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့
- မြောက်ဦးက စစ်ဘေးရှောင်များအတွက် ရိက္ခာထောက်ပံ့သည့် အစီအစဉ်ကို ICRC မှ WFP သို့ လွှဲပြောင်း
- စစ်ကောင်စီအစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသော စစ်ဘေးရှောင်များ ဘ၀ရပ်တည်ရေး ခက်ခဲနေ
- ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
- ၂၀၂၂ တွင် မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက တစ်သိန်းနီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကုလထုတ်ပြန်
- မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး
ကော့ကရိတ်တွင် လက်နက်ကြီးကျရောက်မှုကြောင့် သံဃာတစ်ပါးပျံလွန်၊ လေးဦးဒဏ်ရာရ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်၊ နေ့လည် ၁၁ နာရီအချိန်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ကိုရင်အပါဝင် သံဃာ ၃ ပါးနှင့် ကျောင်းသား ၁ ဦီးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
27 Dec 2022
ပျက်စီးသွားသည့် ဆွမ်းစားဆောင်နှင့် လူနေအိမ်အချို့အား တွေ့ရစဉ်။ / ဓာတ်ပုံ - CJ
DMG၊ ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်၊ နေ့လည် ၁၁ နာရီအချိန်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် သံဃာတော်တစ်ပါး ပျံလွန်တော်မူပြီး ကိုရင်အပါဝင် သံဃာ ၃ ပါးနှင့် ကျောင်းသား ၁ ဦီးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကော့ကရိတ် အခြေစိုက် ခလရ ( ၉၇) တပ်ရင်းမှ လက်နက်ကြီးမှာ ရွှေကြက်ယက် ဘုန်းကြီးကျောင်းဝင်းသို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သံဃာတစ်ပါးမှာ ဦးခေါင်းကို ကျည်စထိမှန်ခဲ့သဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး ကျန် သံဃာနှစ်ပါး၊ ကိုရင်ငယ်တစ်ပါးနှင့် အသက် ၁၀ နှစ်အရွယ် ဘုန်းကြီးကျောင်သားတစ်ဦး တို့မှာ ဦးခေါင်း၊ ကျောကုန်းနှင့် ပေါင်တို့၌ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ကျောင်းဒကာတစ်ဦးက “ ဦးဇင်းတွေ ဆွမ်းစားပြီးတော့ ဝိုင်းသိမ်းတဲ့အချိန် ဘုန်းကြီးကျောင်းထဲက ဆွမ်းစားအဆောင်ကို လက်နက်ကြီးလာကျတယ်။ ဆွမ်းစားအဆောင်ကို သွားမှန်ပြီးတော့ ကျောင်းသားလေးရယ်၊ ဝေယျာဝိစ္စလုပ်နေတဲ့ ကိုရင်နဲ့ ဦးဇင်းလေးတွေကိုပါ ထိကုန်တာ။ ဦးဇင်းတစ်ပါးကတော့ ပျံလွန်တော်မူတယ်။ ကျန်ဒဏ်ရာရတဲ့ ဦးဇင်းလေးတွေနဲ့ ကိုရင်တွေကိုတော့ ဆေးရုံကို ပို့ထားရတယ် ” ဟု ၄င်းကပြောသည်။
ဒဏ်ရာရရှိသူများအား ဘားအံဆေးရုံသို့ ပို့ဆောင်ထားရကာ အရေးပေါ် ကုသမှုခံယူနေရကြောင်း ကော့ကရိတ်မြို့ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ သံဃာတော်တစ်ပါး ပျံလွန်တော်မူပါတယ်။ ကျောင်းသားလေးကတော့ အောက်ဆီဂျင် ပေးထားရတယ်။ ကျန်တဲ့ ဦးဇင်းတွေကိုပါ ဘားအံဆေးရုံကို ပို့ဆောင်ပေးထားပါတယ် ” ဟု ကော့ကရိတ်မြို့ရှိ လူမှုကူညီရေးအသင်းဝင်တစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်က လက်နက်ကြီး အပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ရှိတွင် ဘုန်းကြီးကျောင်းဆွမ်းစားဆောင်နှင့် ဒေသခံနေအိမ် ၁၀ လုံးအထိ ပျက်စီးခဲ့ကြောင်း ကော့ကရိတ်မြို့ ခံများက ပြောဆိုသည်။
“ လက်နက်ကြီးနဲ့ ပစ်တာတွေ ရဟတ်ယာဥ်နဲ့ပါ ပစ်တယ်။ ချောင်းတောင် အောက်စုဘက်နဲ့ အာရှလမ်းတဝိုက် ဆေးရုံကုန်းအနီးက ဝင်းကြီးရပ်ကွက်တွင်း ဘုန်းကြီးကျောင်းရယ် မြို့တော်ဦးတဝိုက်ကို ပစ်သွားတယ်။ အိမ်တွေ ဘုန်းကြီးကျောင်းတွေပါ အကုန်မှန်သွားတယ် ” ဟု ကော့ကရိတ်မြို့ခံတစ်ဦးကပြောဆိုသည်။
အဆိုပါ ရွှေကြက်ယက်ဘုန်းကြီးကျောင်း ကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။
ယင်းအပြင် ယနေ့ ဒီဇင်ဘာ ၂၇ ရက် နံနက် ၇ နာရီခွဲမှ နေ့လည် ၁၂ နာရီခွဲကျော်အထိ ကော့ကရိတ်မြို့ အနီးတဝိုက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်၊ တိုက်လေယာဥ်များ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ ၆ ရှိ KNLA ပူးပေါင်းအဖွဲ့တို့သည် ဒီဇင်ဘာ လ ၁၆ ရက်မှ ၂၇ ရက်နေ့ အထိ အချိန် ၁၁ ရက်ကြာ ကော့ကရိတ်မြို့ရှိ အာရှလမ်းမအနီး၌ တိုက်ပွဲဖြစ်ပွားနေကာ တံတားနှစ်စင်း မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် လက်ရှိအချိန်အထိ အာရှလမ်းမတွင် ကားစီးရေ ထောင်ချီပိတ်မိနေကြောင်း သိရသည်။