သံတွဲနှင့် ဂွတွင် စစ်သင်္ဘော ၈ စီးဖြင့် စစ်ကောင်စီ အင်အားဖြည့်နေ

သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်၊ ကုလားပြင် စသည့် ကျေးရွာများအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အဆိုပါနေရာများသို့ စစ်ကောင်စီက အင်အားဖြည့်တင်းနေသည်။ 

By Admin 27 Aug 2024

စစ်ကောင်စီတပ်၏ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - CINCDS
စစ်ကောင်စီတပ်၏ ပင်လယ်ပြင်စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - CINCDS

DMG ၊ ဩဂုတ် ၂၇ 

ရခိုင်ပြည်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီသည် စစ်သင်္ဘော ၈ စီးဖြင့် လက်နက် လူအင်အား ဖြည့်တင်းခြင်း၊ စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။ 

သံတွဲမြို့နယ်ရှိ မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်၊ ကျိန္တလီမြို့အနီး ကျောက်ပါးစပ်၊ ကုလားပြင် စသည့် ကျေးရွာများအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး အဆိုပါနေရာများသို့ စစ်ကောင်စီက အင်အားဖြည့်တင်းနေခြင်း ဖြစ်သည်။ 

“တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လက်နက်၊ လူအင်အား ဖြည့်တင်းနေတာ၊ စစ်သင်္ဘောတွေပေါ်က  လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်” ဟု AA က ဆိုသည်။ 

စစ်ကောင်စီသည် သံတွဲနှင့် ဂွကို အလုံးစုံမကျရှုံးစေရန် ရေကြောင်းအဓိကထားပြီး အားဖြည့်တင်းနေသည့်အပြင် ဧရာဝတီဖက်မှ စစ်ကူများကို ဂွမြို့နယ်မှတစ်ဆင့် ဖြည့်တင်းနေကြောင်း သံတွဲမြို့နယ်မှ စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

“စစ်ကောင်စီဟာ လက်ရှိခံတပ်တွေမှာ ရှိသမျှအင်အားတွေကို ဖြည့်တင်းပြီး ခုခံနေတာ။ ဧရာဝတီဖက်ကနေ ကြည်းတပ်တွေကိုလည်း ဂွဖက်ကနေတစ်ဆင့် ဖြည့်တင်းနေတာတွေရှိတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေဆဲ ဖြစ်တယ်” ဟု သူက ပြောသည်။ 

စစ်ကောင်စီသည် သံတွဲနှင့် ဂွ ပင်လယ်ပြင်တွင် အရပ်သားမော်တော်ဘုတ်များဖြင့် စစ်အင်အားဖြည့်တင်းနေ၍ အဆိုပါပင်လယ်ပြင်တွင် အရပ်သားမော်တော်ဘုတ်များ၊ စက်လှေများသွားလာခြင်းကို AA က ဩဂုတ် ၁ ရက်မှစပြီး ပိတ်ပင်ထားသည်။ 

စစ်ကောင်စီသည် ကုန်းလမ်းနှင့် လေကြောင်းမှတစ်ဆင့် အင်အားဖြည့်တင်းရန် အဆင်မပြေတော့၍ ရေကြောင်းကို အဓိကအသုံးပြုပြီး စစ်အင်အားဖြည့်တင်းနေခြင်းဟု ရခိုင်စစ်ရေး စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။ 

“လက်ရှိ စစ်မျက်နှာတွေကိုကြည့်ရင် စစ်ကောင်စီအတွက် အဓိက ထောက်ပို့လမ်းကြောင်းတွေက ရေကြောင်း တစ်ခုတည်းကို အားထားပြီး အင်အားဖြည့်တင်းနေရတယ်။ ကုန်းလမ်းက လုံးဝကို သွားလို့မရတော့ဘူး။ လေကြောင်းကလည်း သူတို့အတွက် ထိရောက်မှု မရှိတော့ဘူး” ဟု သူက ပြောသည်။

သံတွဲမြို့နယ်ရှိ လက်ကျန်တပ်ဖြစ်သည့် မောင်ရွှေလေးရေတပ်ကို AA က ဇူလိုင် ၂၀ ရက်မှစကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီက ရေကြောင်း၊ လေကြောင်းနှင့် ဆုတ်ခွာသွားသည့် ကြည်းတပ်များဖြင့် အပြင်းအထန်ခုခံနေသည်။ 

တိုက်ပွဲများကြောင့် သံတွဲနှင့် ဂွမြို့နယ်မှ ဒေသခံသောင်းနှင့်ချီ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည်။