- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦးလုံး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
27 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၇
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၃ ခုထိ သိမ်းပိုက်ထားပြီး ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ ရခိုင်ဒေသတွင် AA သိမ်းပိုက်ရန် ကျန်ရှိနေသည့် မြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့များသာ ရှိတော့ပြီဖြစ်သည်။
ရခိုင်ပြည်သည် ပထဝီဝင်အနေအထားအရ စစ်ကူရရန် ခက်ခဲသောကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့မှ တပ်မှူး စစ်သည်များအနေဖြင့် အသက်အသေမခံဘဲ AA ထံ အမြန်ဆုံး အလင်းဝင်၊ အလံဖြူထောင် လက်နက်ချရန် AA ထံ အဖမ်းခံထားရသော နပခဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက သတိပေးလိုက်သည်။
“မင်းတို့တွေအနေနဲ့ ခေါင်းဆောင်မှု မပီသသူတွေရဲ့အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်ခြင်း မပြုကြဖို့နဲ့ အာရက္ခတပ်တော်နဲ့ အမြန်ဆက်သွယ်ပြီးတော့ လက်နက်ချ အလင်းဝင်ကြပါ။ အလံဖြူထောင်ပြီးတော့ လက်နက်ချကြပါ။ အာရက္ခတပ်တော်အနေနဲ့ လက်လွှတ်စပယ် မလုပ်ပါဘူး။ ဉပဒေနဲ့အညီပဲ ဆက်ဆံပါတယ်။ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို သုံ့ပန်းဉပဒေအတိုင်း ထိန်းသိမ်းထားရှိပါတယ်။ သူတို့မှာရှိတဲ့ ရိက္ခာဆေးဝါးတွေနဲ့ အစွမ်းကုန်ပြုစု ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက AA ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ပြောကြားထားသည်။
ယင်းအပြင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များအနေဖြင့်လည်း ရခိုင်တွင် စစ်ရှုံးနေမှုကို လက်ခံရန် နပခဒုတိုင်းမှူးက သတိပေးထားပြီး ပြည်သူလူထုကို ဗုံးကြဲမှုနှင့်အကြမ်းဖက်မှုများ ရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။
“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးအပါအဝင် ခေါင်းဆောင်တွေအနေနဲ့ တပ်မတော်က လက်အောက်ငယ်သားတွေရဲ့အသက်တွေ ဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံပေးပါ။ ပြည်သူလူထုကို ဗုံးကြဲနေတာတွေ၊ အကြမ်းဖက်နေတာတွေ ရပ်တန့်ပေးပါ။ ဆက်လက်လုပ်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့ အမုန်းတရားတွေ၊ နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ် ဆိုတာကို သိစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတဝန်းတွင် အာဏာသိမ်းမှုဆန့်ကျင်သူများအား စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်သည် စစ်မျက်နှာများတွင် ထိုးစစ်ဆင်ရန် ခက်ခဲလာသည်။ ထို့ကြောင့် ခံစစ်ဆင်ရာတွင် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအားထားနေရာ လူနေရပ်ကွက်ကျေးရွာများကိုပါ ဗုံးကြဲနေခြင်းကြောင့် အရပ်သား အများအပြား သေဆုံးနေရသည်။
ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်တွင် အာရက္ခတပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
နပခတိုက်ပွဲအတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် စစ်သည်ရာနှင့်ချီကို AA က ဖမ်းမိထားသည်။
ဗိုလ်မှူးချုပ်ကျော်ကျော်သန်းက ၎င်းသည် AA ထိန်းသိမ်းမှုအောက်တွင် ကျန်းကျန်းမာမာရှိနေပြီး မိသားစုများအနေဖြင့် စိတ်မပူရန်နှင့် AA သည် ဖမ်းဆီးရမိသူများကို စစ်သုံ့ပန်းဥပဒေတိုင်း စီစဥ်ဆောင်ရွက်နေကြောင်း ပြောသည်။
ယမန်နေ့က AA ထုတ်ပြန်သည့် ၁၃ မိနစ်ကျော်ကြာ ရုပ်သံမှတ်တမ်းတွင် နပခအား အပြင်းအထန် ပိတ်ဆို့တိုက်ခိုက်မှုများပါဝင်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မရှုမလှသေကြေနေမှုနှင့် အလံဖြူထောင် အညံ့ခံလက်နက်ချသူ ရာချီရှိသလို ဖမ်းဆီးရမိသူများကို ဆေးဝါးကုသပေးမှုများ၊ ကျွေးမွေးစောင့်ရှောက်ထားမှုများကို ဖော်ပြထားသည်။
နပခဌာကို AA က လေးဖက်လေးတန် ပိတ်ဆို့တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရိက္ခာ၊ လက်နက်၊ ခဲယမ်း၊ ဆေးဝါးနှင့် ရေ ပြတ်လပ်သည်ထိ အစွမ်းကုန်ခုခံကာကွယ်ခဲ့သော်လည်း AA ၏ တိုက်ခိုက်စွမ်းရည်များကြောင့် ကျဆုံးခဲ့ရသည်။