- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒါးလက်အုပ်စုသို့ ဆန်သယ်ခွင့် အကန့်အသတ်ဖြင့် ပြန်ရဟုဆို
အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုအတွင်းသို့ ဆန်ရိက္ခာသယ်ယူခွင့်ကို စစ်ကောင်စီမှပိတ်ထားခဲ့ရာမှ ယခုအခါ အကန့်အသတ်ဖြင့်သယ်ယူခွင့်ပြုထားသည်ဟု ဒေသခံများကပြောဆိုသည်။
26 May 2022
DMG ၊ မေ ၂၆
အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုအတွင်းသို့ ဆန်ရိက္ခာသယ်ယူခွင့်ကို စစ်ကောင်စီမှပိတ်ထားခဲ့ရာမှ ယခုအခါ အကန့်အသတ်ဖြင့်သယ်ယူခွင့်ပြုထားသည်ဟု ဒေသခံများကပြောဆိုသည်။
ဆန်သယ်ယူခွင့်မှာ လူတစ်ဦးလျှင် တစ်နေ့နှစ်တောင်းဆံ့ဆန်အိတ် ၂၀ စီ သယ်ယူခွင့်ကို မေလ ၂၀ ရက်နေ့မှ စတင်ခွင့်ပြုထားသည်ဟု ဒါးလက်ချောင်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်စံသိန်းကပြောသည်။
“ဆန်ရိက္ခာသယ်ယူခွင့်တော့ ပေးထားပြီးပြီ။ အခုလိုရိက္ခာသယ်ယူခွင့်ပေးထားတာ ၅ ရက်ရှိနေပြီ။ တစ်နေ့ကို လူတစ်ဦးနာမည်နဲ့ ၂ တောင်းဆံ့ဆန်အိတ် ၂၀ သယ်ယူခွင့်ပေးထားတယ်။ အဲဒါထက်တော့ ပိုပြီးသယ်ယူလို့ မရဘူးပေါ့”ဟု ၎င်းကဆိုသည်။
ဒါးလက်ချောင်းအုပ်စုအတွင်းသို့ ရိက္ခာသယ်ယူခွင့်ကို ယခုမေလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှ ပိတ်ထားခဲ့ပြီး ရက်ပေါင်း ၂၀ ခန့်အကြာတွင် ဆန်သယ်ယူခွင့်ကို အကန့်အသတ်ဖြင့် ပြန်ခွင့်ပြုလာခြင်းဖြစ်သည်။
ဆန်သယ်ယူခွင့်ကန့်သတ်ထားသည့်ကာလတွင် ဒါးလက်ချောင်းအုပ်စုအတွင်း ဆန်အပါအဝင် အခြားကုန်ပစ္စည်းအများစုမှာ ဈေးမြင့်တက်သွားခဲ့သည်။
လက်ရှိ ဆန်ရိက္ခာသယ်ယူခွင့်ကို အကန့်အသတ်ဖြင့်ပြန်ရသော်လည်း ဈေးနှုန်းများမှာ ယခင်အတိုင်း မြင့်တက်နေဆဲဖြစ်သည်ဟု ဒါးလက်မြောက်ကျေးရွာမှ ဦးသန်းဦးကပြောသည်။
“လောလောဆယ် ဆီကဘယ်လောက်သယ်ရမယ်။ ဆန်ကဘယ်လောက်သယ်ရမယ်ဆိုပြီးတော့ ကန့်သတ်ချက်နဲ့တော့ သယ်နေရတယ်။ ဒါပေမဲ့ ကုန်ဈေးတွေကတော့မကျသေးဘူး။ ရိက္ခာသယ်ယူခွင့် ပိတ်ထားတဲ့အတိုင်း ဈေးတွေဘဲရှိသေးတယ်”ဟု ၎င်းကဆိုသည်။
ဒါးလက်ချောင်းအုပ်စုအတွင်း နှစ်တောင်းဆန်တစ်အိတ်လျှင် ယခင် ၂၃၀၀၀ ကျပ်ခန့်ရှိခဲ့ပြီး ယခုအခါ ၃၀၀၀၀ ကျပ်ခန့်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၄၀ ကျော်ရှိပြီး ဆန်နှင့်အခြားရိက္ခာများကို မင်းပြားမြို့နယ်ဖက်မှ အဓိကဝယ်ယူကြရသည်။ ဒါးလက်ချောင်းကျေးရွာအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်းကလည်း တစ်နှစ်ခန့်ကြာပိတ်ပင်ခံခဲ့ရပြီး ဒေသခံများမှာ စားသောက်ရေးအတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များမှာ ဒါးလက်အလယ်ကျွန်းကျေးရွာ၊ ပိန္နဲတောင်၊ အိုးထိန်းတောင် စသည့်နေရာများတွင် တပ်စခန်းများချကာ နေထိုင်လျှက်ရှိကြောင်း ဒေသခံများကပြောသည်။