- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ကျောက်တော်မှ ကျေးရွာနှစ်ရွာနှင့် သေဆုံးခဲ့သူနှစ်ဦးတို့အတွက် တစ်နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်းတစ်နှစ်ပြည့်အခမ်းအနားကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
23 Aug 2021
DMG ၊ သြဂုတ် ၂၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တိုက်ပွဲကာလအတွင်းက မီးရှို့ခံခဲ့ရသည့် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာတို့မှ နေအိမ် ၁၄၈ အိမ်နှင့် သေဆုံးခဲ့ရသူ အမျိုးသား ၂ ဦးတို့အတွက် ဝမ်းနည်းခြင်းတစ်နှစ်ပြည့်အခမ်းအနားကို ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်ကာလဖြစ်သောကြောင့် အဆိုပါတစ်နှစ်ပြည့်အခမ်းအနားကို ကျေးရွာတစ်ရွာစီခွဲကာ ကျင်းပခဲ့ရကြောင်း အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်နေသူ ဦးကျော်စိုးဝင်းက DMG သို့ပြောသည်။
အခမ်းအနားတွင် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းနှင့် ဖြစ်စဉ်အတွင်းသေဆုံးခဲ့သူများကိုဆုတောင်းမေတ္တာပို့သခြင်း၊ ကူညီပေးခဲ့သူများကိုကျေးဇူးတင်ကြောင်း ပြောကြားခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
“ဒီမီးလောင်မှုအတွင်းမှာ သေဆုံးခဲ့ရသူတွေအတွက် ဆွမ်းကျွေးပြီးဆုတောင်းမေတ္တာပို့တာတွေလုပ်တယ်။ နောက်ပြီး နောင်လာနောက်သားတွေဒီလိုမဖြစ်ရအောင်နဲ့ ဖြစ်ခဲ့တဲ့ကိစ္စတွေအပေါ် ဆုတောင်းမေတ္တာပို့တာတွေလုပ်တယ်။ နောက်ပြီး ကျွန်တောတို့ အခက်အခဲကြုံခဲ့ရတုန်းကကူညီခဲ့တဲ့သူတွေကို Online ကတစ်ဆင့် ကျေးဇူးတင်တဲ့အကြောင်း ပြောတာတွေလုပ်ခဲ့ကြပါတယ်”ဟု ဦးကျော်စိုးဝင်းက ရှင်းပြသည်။
ယနေ့ ည ၈ နာရီတွင်လည်း အောက်မေ့ဖွယ်အထိမ်းအမှတ် အနေဖြင့် အဆိုပါမီးလောင်ပျက်စီးခဲ့သည့် ကျေးရွာများတွင် ရွာလုံးကျွတ်ဆီမီးထွန်းခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ကျေးရွာနှစ်ရွာမီးရှို့ခံခဲ့ရသော်လည်း အဆိုပါနေ့မှာ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ် ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ဖြစ်သဖြင့် ယနေ့ ကျရောက်သည့် ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့တွင် ဝမ်းနည်းဖွယ်အခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဘုရားပေါင်းကျေးရွာမှ ဒေသခံ ဦးမောင်မောင်သန်းကပြောသည်။
“ပြီးသွားတာတွေကတော့ ပြီးပြီပဲဖြစ်ပါတယ်။ ဒါကြောင့် အရင်ကဆုံးရှုံးသွားတာတွေကို မရနိုင်ရင်တောင် ကြိုးစားပြီးလုပ်ကြဖို့ကိုလည်းပြောပြခဲ့ပါတယ်။ ရွာမှာရှိတဲ့လူတွေကို အားမလျှော့ပဲ ကိုယ်လုပ်စရာရှိတာတွေကို လုပ်ကြဖို့ကိုတော့ တိုက်တွန်းခဲ့ပါတယ်”ဟု ၎င်းကပြောသည်။
ထို့အတူ တောင်ပေါက်ကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးရွှေထွန်းညိုကလည်း မိမိတို့ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးမျိုးကို နောင်လာနောက်သားများ မကြုံတွေ့စေလိုကြောင်း ဆိုသည်။
“ဒီလိုမျိုးဖြစ်စဉ်တွေကို ကျွန်တော်တို့ရဲ့ နောင်လာနောက်သားတွေကိုလည်း ဆက်ပြီးမကြုံစေချင်တော့ဘူး။ ဒီလိုဖြစ်စဉ်မျိုးကိုလည်း ကျွန်တော်တို့ နောင်လာနောက်သားတွေအနေနဲ့ သတိရမှတ်မိနေဖို့လိုပါတယ်”ဟု သူ၏ အမြင်ကို ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းအချိန်တွင် ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို တပ်မတော်သားအချို့မှ ဝင်ရောက်မီးရှို့ခဲ့ပြီးကျေးရွာသားများကပြောဆိုကြပြီး ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁၀ လုံးနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ အိမ်မီးလောင်ပျက်စီးခဲ့ကာ ယင်းဖြစ်စဉ်အတွင်းပစ်ခတ်ခံရမှုကြောင့် ဒေသခံ ၂ ဦးသေဆုံးခဲ့ရကြောင်းလည်း သိရသည်။
အဆိုပါကျေးရွာများမှ ပျက်စီးသွားသောနေအိမ်များကို အစိုးရမှ ပြန်လည်ဆောက်လုပ်ပေးလျှက်ရှိသော်လည်း လက်ရှိတွင် ကျေးရွာတစ်ရွာလျှင် နေအိမ်အလုံး ၂၀ ခန့်သာ ဆောက်လုပ်ရသေးကြောင်း ဒေသခံများထံမှ သိရသည်။