- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုင်းပေါက်ကွဲမှုကြောင့် ပလက်ဝ စစ်ဘေးရှောင်၂ ဦးဒဏ်ရာရ၊ တစ်ဦးဒဏ်ရာပြင်းထန်
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှစ်ဦးမှာ ယနေ့ (ဇွန်လ ၂၀) ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်က မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိရာမှ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
20 Jun 2022
DMG ၊ ဇွန် ၂၀
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးနှစ်ဦးမှာ ယနေ့ (ဇွန်လ ၂၀) ရက်နေ့ နံနက်ပိုင်း ၈ နာရီခန့်က မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိရာမှ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူ စစ်ရှောင် အမျိုးသမီးနှစ်ဦးမှာ အသက်(၃၈)နှစ် အရွယ် ဒေါ်ဝင်းခင်နှင့် အသက် (၅၀) ကျော်အရွယ် ဒေါ်ချေခင် တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အဘောင်သားကျေးရွာနှင့် တကာ ချောင်းကျေးရွာ အကြားတွင် ဟင်းရှာသွားစဉ် မိုင်းနင်းမိကာ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ဘောလုံးကွင်း စစ်ဘေး ရှောင်စခန်းတာဝန်ခံ ဦးနီလှအောင် က DMG သို့ပြောသည်။
“ သူတို့နှစ်ယောက်က ဟင်းဝယ်ဖို့ ငွေမရှိဘူးဆိုတော့ ဟင်းရှာဖို့သွားတယ်။ စစ်ဘေးရှောင်စခန်းကနေ အဘောင်သားကျေးရွာနားမှာ ဒေါ်ဝင်းခင်က မိုင်းနင်းမိတာ။ အဲဒီတော့ ဒေါ်ဝင်းခင်မှာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့တယ်" ဟု ဦးနီလှအောင်က ပြောသည်။
အဆိုပါ မိုင်းနင်းသဖြင့် ပေါက်ကွဲသွားမူကြောင်း ဒေါ်ဝင်းခင်မှာ ညာဖက်ခြေထောက်ပြတ်သွားပြီး ဘယ် လက်မောင်းများတွင် ဒဏ်ရာရရှိကာ စိုးရိမ်းရသည့်အနေအထားရှိပြီး ဒေါ်ချေခင်မှာ ညာဘက်လက်မောင်းတွင် မိုင်းစဒဏ်ရာရရှိ၍ မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း အဆိုပါ စခန်းတာဝန်ခံက ပြောသည်။
ယနေ့ မိုင်းပေါက်ကွဲသည့် နေရာတွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့က AA နှင့် စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း အဆိုပါ မိုင်းမှာ မည့်သည့်အဖွဲ့မှ ထောင်ထားသည့် မိုင်း ဖြစ်ကြောင်းကို မသိရပေ။
လက်ရှိတွင် ဒဏ်ရာရသူ အမျိုးသမီးနှစ်ဦး စလုံးမှာ ပလက်ဝမြို့ ဆေးရုံးတွင် ဆေးကုသမူခံယူနေရသည်။
တကာကျောင်း ကျေးရွာတာဝန်ခံ က “ စစ်ဘေးရှောင်တွေမှာ ဝင်ငွေမရှိတော့ ဟင်းရှာသွားရတာပေါ့။ ကျွန်တော်ရွာက မိန်းမနှစ်ဦးက ကျေးရွာအနားကို ဟင်းသွားရှာတာ။ အဲဒီမှာ မိုင်းပေါက်ပြီးတော့ ဒဏ်ရာရ သွားတာ။ အခုတော့ ပလက်ဝဆေးရုံမှာ ဆေးကုသမူခံယူနေတယ်။ ကျနော်တို့ရွာနားတွေမှာ မိုင်းတွေရှင်း ပေးစေချင်ပါတယ် ” ဟု DMG သို့ပြောသည်။
ယခင်ကလည်း ပလက်ဝမြို့နယ်၊ င/ရှကျေးရွာတွင် မေလ ၃၀ ရက်နေ့က ဒေသခံတစ်ဦးမှာ တောင်မှယာခုတ်၍ပြန်လာ စဉ်မိုင်းနင်းမိကာထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ရခိုင်ပြည် ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ သာစည်ကုန်းကျေးရွာမှ လင်မယားနှစ်ဦးမှာ မြေမြှုပ် မိုင်းပေါက်ကွဲမှုကြောင့် မိုင်းစများ ထိမှန်သွားသဖြင့် ဒဏ်ရာရရှိခဲ့ကြသည်။
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ စညှင်းကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်နှစ်ဦးမှာ မိုင်းထိမှန်သွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်နှင့် ဆက်စပ်ပြီး တိုက်ပွဲပြင်းထန်လာလ မှ ယနေ့အချိန်ထိ စစ်ကျန်လက်နက်နှင့် မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား သေဆုံးသူ ၅၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၄ ဦး အထိရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ ဇွန်လ ၁၇ ရက်နေ့ စာရင်းအရ သိရ သည်။