AA စခန်းကို မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် တပ်ဖွဲ့ဝင်များကျဆုံး၊ ဒဏ်ရာရဟုဆို

မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းတစ်ခုအား ယနေ့(ဇူလိုင်လ ၄ ရက်)၊နေ့လယ် ၁၂ နာရီ ကျော်ခန့်က မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် မိမိတို့တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ဒဏ်ရာရရှိ သွားသည်ဟု AA က ယနေ့ သတင်းထုတ်ပြန်သည်။

04 Jul 2022

ဓာတ်ပုံ-AA

DMG ၊ ဇူလိုင် ၄

မြန်မာ-ထိုင်း နယ်စပ်ရှိ ရက္ခိုင့်တပ်တော်(AA)၏ တပ်စခန်းတစ်ခုအား ယနေ့(ဇူလိုင်လ ၄ ရက်)၊နေ့လယ် ၁၂ နာရီ ကျော်ခန့်က မြန်မာစစ်တပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် မိမိတို့တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ဒဏ်ရာရရှိ သွားသည်ဟု AA က ယနေ့ သတင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်က ဂျက်တိုက်လေယာဉ် (၂)စီးဖြင့် တိုက်ခိုက်မှုကြောင့် ကရင်ပြည်၊ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) ဧရိယာ ထဲတွင်ရှိသော AA စခန်းတိုက်ခိုက်ခံလိုက်ရခြင်းဖြစ်ပြီး စခန်းအတွင်းရှိ ဆေးရုံ၊ဆေးခန်း၊စက်ချုပ်စက်ရုံအပါအဝင် အဆောက်အအုံအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ ရုတ်တရက်တိုက်ခိုက်ပြီးနောက် အဆိုပါ ဂျက်တိုက်လေယာဉ် နှစ်စီးသည် ထိုင်းနိုင်ငံလေပိုင်နက် အတွင်း သို့ ဝင်ရောက်သွားခဲ့သည်ဟုလည်း ဆိုထားသည်။

မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့သည် ရခိုင်ပြည်အတွင်းတွင် ပြီးခဲ့သည့် ၂၀၁၈ ခု၊နှစ်ကုန်ပိုင်းမှစတင်ကာ ၂၀၂၀ခု၊နိုဝင်ဘာလ ပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ယင်းနောက် နားလည်မှုသဘော ဖြင့် တိုက်ပွဲရပ်စဲနေရာမှ လတ်တလောတွင် နှစ်ဘက်သဘောထားများတင်းမာလာကာ တိုက်ပွဲအချိန်မရွေးဖြစ် ပွား လာနိုင်သည့်အခြေအနေရှိသည်ဟု ရခိုင်အရေးလေ့လာသူများက သုံးသပ်ကြသည်။