- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နှစ်ဖက်တင်းမာမှုလျှော့ကျရန် ညှိနှိုင်းနေသော်လည်း အဆင်မပြေလျှင် စစ်ရေးပြင်းထန်မည်ဟု AA ပြော
မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့မှုများရှိနေသောကြောင့် နှစ်ဖက်ပြေပြေလည်လည်ဖြေရှင်းနိုင်ရန် ကြားခံလူများမှတစ်ဆင့်ညှိနှိုင်းနေသော်လည်း အဆင်မပြေလျှင် စစ်ရေးပြင်းထန်လာမည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
14 Jun 2022
DMG ၊ ဇွန် ၁၄
မြန်မာစစ်တပ်ဘက်က စစ်အင်အားတိုးချဲ့မှုများရှိနေသောကြောင့် နှစ်ဖက်ပြေပြေလည်လည်ဖြေရှင်းနိုင်ရန် ကြားခံလူများမှတစ်ဆင့်ညှိနှိုင်းနေသော်လည်း အဆင်မပြေလျှင် စစ်ရေးပြင်းထန်လာမည်ဟု ရက္ခိုင့်တပ်တော် (AA) ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။
ယနေ့(ဇွန်လ ၁၄ ရက်နေ့)က ပြုလုပ်သော ရက္ခိုင့်တပ်တော် (AA)၏ တတိယအကြိမ်မြောက် သတင်းစာရှင်း လင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။၎င်းတို့သတင်းစာရှင်းလင်းပွဲကို ရက္ခိုင်ပြည်သူ့အစိုးရ သတင်းစာရှင်းလင်း ပွဲဟု အမည်ပေးထားသည်။
မြန်မာစစ်တပ်အနေဖြင့် ရခိုင်ပြည်တွင် စစ်အင်အားတိုးချဲ့ခြင်း၊လက်နက်အင်အားဖြည့်တင်းခြင်း၊ရေငုတ် သင်္ဘောများဖြင့် အင်အားပြသမှုများကို တောက်လျှောက်လုပ်နေသောကြောင့် အခြေအနေဆိုးရွားလာသည်ဟု ဦးခိုင်သုခက ပြောသည်။
“ကျောက်ဖြူ၊ တောင်ကုတ်ဖက်မှာလည်း ကျွန်တော်တို့ ULA/ AA တရားရေးမဏ္ဍိုင်က ပါဝင်တဲ့လူတွေကို ဖမ်းဆီးဖို့ ကြိုးစားတာတွေ၊ နောက်ပြီး တရားရေးမှာ အမှုလာတိုင်ကြတဲ့ ပြည်သူတွေကို ခေါ်ယူပြီး ခြိမ်းခြောက်တာတွေကို မြန်မာစစ်တပ်ဘက်ကနေပြီး တောက်လျောက်လုပ်နေတာတွေရှိပါတယ်။ အဲဒါတွေက တရက်ထက်တစ်ရက် အခြေအနေကို ဆိုးဝါးလာစေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်”ဟု ၎င်းက ဆက် ပြောသည်။
သို့သော်လည်း နှစ်ဖက် ပြေပြေလည်လည်ဖြေရှင်းနိုင်ရန်အတွက် ကြားခံပုဂ္ဂိုလ်များမှတစ်ဆင့်လုပ်ဆောင် နေပြီး မပြေလည်ပါက စစ်ရေးအရ ထိပ်တိုက်တွေ့မှုအထိဖြစ်လာနိုင်သည်ဟု ဦးခိုင်သုခက ပြောသည်။
“ဒီလို အခြေအနေတွေကို ဖြေရှင်းလို့ မရဆိုရင်တော့ နောက်ဆုံး စစ်ရေးအရ ထိပ်တိုက်တွေ့မှုတွေ၊ သို့မဟုတ် ဒီထက်ဆိုးတဲ့ အခြေအနေတွေကို ဦးတည်သွားနိုင်တဲ့ အနေအထားတွေ ဖြစ်လာနိုင်တယ်လို့ ပဲ ပြောချင်ပါတယ် “ဟု ၎င်းက ပြောခဲ့သည်။
မြန်မာစစ်တပ်ဘက်က တစ်ရွာဝင်၊တစ်ရွာထွက် သွားလာမှု၊အုပ်ချုပ်ရေး၊တရားစီရင်ရေးကိစ္စရပ်များကို နှောင့် ယှက်နေမှုတို့ကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု ရက္ခိုင့်တပ်တော်ဘက်က မကြာခဏပြောဖူး သည်။ထိုပြောဆိုချက်တို့မှာ တိုက်ပွဲခေါ်နေသည့်ပုံစံမျိုးဖြစ်နေပြီး ပြဿနာဖြစ်လာလျှင် မိမိတို့ကို အဆိုး မဆိုရန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထား သည်။
" ဒီအချိန်မှာ ကျနော်တို့ လုပ်နေတာက ထိန်းသိမ်းနေတာက ရခိုင်ပြည်သူလူထု ဒုက္ခမရောက်စေချင်လို့ ထိန်းသိမ်းနေတာမျိုးပဲ ဖြစ်ပါတယ်။ စိတ်ရှည်သည်းခံပြီးတော့ ပြည်ထောင်စုအတွက် ငြိမ်းချမ်းရေးအတွက် လုပ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုဖြစ်နေတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြဿနာဖြစ်လာရင်တော့ တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ပဲ ကျနော်ပြောချင်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။
စစ်ကောင်စီသည် အခြေခံအရ လက်ရှိအကျပ်အတည်းကာလတွင် ရခိုင်ပြည်ကို အေးအေးချမ်းချမ်းဖြစ်စေချင် သည့် ဆန္ဒရှိလိမ့်မည်။သို့သော် ယင်းဆန္ဒကို အကြောင်းပြုပြီး အုပ်ချုပ်ရေး၊တရားစီရင်ရေးတို့ကို AA ဘက်သို့ ပေးရန်မလွယ်ကူဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။
သို့သော်လည်း AA သည် ရခိုင်ဒေသတည်ငြိမ်းအေးချမ်းနေသည့်ကာလတွင် ရက္ခိတလမ်းစဉ်အရ ဒေသတည် ဆောက်ရေးကိစ္စများ၊အုပ်ချုပ်ရေး၊တရားစီရင်ရေးကိစ္စများကိုလုပ်ဆောင်နေပြီး ရခိုင်လူထုကလည်း သဘောကျ ထောက်ခံကြသည်ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့လုပ်ရပ်သည် စစ်ကောင်စီ၏ အာဏာပါဝါကို စိန်ခေါ်လာသည့်သဘောဟုထင်မြင်လာသဖြင့် ရခိုင် လူငယ်များကို ဖမ်းဆီးခြင်း၊အနိုင်ကျင့်ခြင်းများကို မြန်မာစစ်တပ်ဘက်ကပြုလုပ်လာသည်။ထို့ကြောင့် နှစ် ဖက်တင်းမာမှုဖြစ်ပွားလာခြင်းဟုလည်း ဦးသန်းစိုးနိုင်က ဆိုသည်။
“ အခြေခံအရပြောလို့ရှိရင် စစ်ကောင်စီအနေနဲ့ AA က ရခိုင်ပြည်နယ်မှာ အုပ်ချုပ်ရေးအာဏာနဲ့ တရားဥပဒေ စိုးမိုးရေးကို ထူထောင်တည်ဆောက်လာတာကို လက်မခံနိုင်ပါဘူး။ သည်းလည်းမခံနိုင်ပါဘူး။ ဒါကြောင့် အဲဒီပြသနာတွေဟာ တစ်နေ့နေ့မှာ ပေါက်ကွဲလာမယ်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ ဒီနေ့ ကိုခိုင်သုခ ပြောသွားတာတွေကတော့ ဒါတွေရဲ့ အစပေါ့နော်”ဟု ၎င်းက ပြောသည်။
မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်တို့သည် နှစ်နှစ်ကျော်ကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု၊နိုဝင်ဘာ ပထမပတ်တွင် တိုက်ပွဲရပ်တန့်သွားသည်။သို့ရာတွင် ယခုနှစ်အတွင်း စစ်ရေးတင်းမာလာပြီး တိုက်ပွဲ ငါးကြိမ်ခန့် ဖြစ်ပွားမှုရှိခဲ့သည်။