- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
မောင်တောမြို့သိမ်းတိုက်ပွဲကြောင့် ALP စိတ်မချမ်းသာ ဖြစ်နေ
ရခိုင်ပြည်သူလူထုဘဝကို စာနာသောအားဖြင့် မြို့တွင်းတိုက်ပွဲဖော်ဆောင်မှုများ ရပ်တန့်ကြရန် စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
20 Jun 2024

DMG ၊ ဇွန် ၂၀
ရခိုင်ပြည်သူလူထုဘဝကို စာနာသောအားဖြင့် မြို့တွင်းတိုက်ပွဲဖော်ဆောင်မှုများ ရပ်တန့်ကြရန် စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။
ပြည်သူများကို ဇွန် ၁၆ ရက်မှစ၍ မြို့မှထွက်ခွာကြရန် သတိပေးပြီး မောင်တောမြို့ကို အာရက္ခတပ်တော်(AA) က ပိတ်ဆို့တိုက်ခိုက်နေချိန် ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
တိုက်ပွဲများကြောင့် ရခိုင်ပြည်သူများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခရောက်နေကြပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့များမှ ပြည်သူများမှာလည်း မြို့သိမ်းတိုက်ပွဲဒဏ်ကို အလူးအလဲခံစားနေရကြောင်း ALP က ထုတ်ပြန်သည်။
လက်ရှိတွင်လည်း မောင်တောမြို့အတွင်း၌ တိုက်ပွဲဖော်ဆောင်ရန် ပြင်ဆင်နေကြသဖြင့် ALP အနေဖြင့် များစွာ စိတ်မချမ်းသာဖြစ်မိကြောင်း ဆိုသည်။
မောင်တောမြို့အတွင်း နေထိုင်နေကြသည့် မွတ်ဆလင်များအပြင် ရခိုင်၊ ဟိန္ဒူ၊ ဒိုင်းနက် စသောလူမျိုးများ ဘေးကင်းလုံခြုံရေးသည် အရေးကြီးကြောင်း ALP က ပြောသည်။
AA ကတော့ ရခိုင်ပြည်တစ်ခုလုံးကို သိမ်းပိုက်သွားမည်ဟု ကြေညာထားပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲမြို့နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားသည်။
လက်ရှိတွင်လည်း မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ထို့ကြောင့် ALP သည် ပြည်သူများကို စိတ်ပူခြင်းထက် ၎င်းတို့အခြေစိုက်ထားသည့် စစ်တွေမြို့သိမ်းပိုက်ခံရမည်ကို စိုးရိမ်နေ၍ မြို့သိမ်းတိုက်ပွဲများကို ဟန့်တားခြင်းဖြစ်နိုင်ကြောင်း ဒေသခံတစ်ချို့က ရှုမြင်ကြသည်။
ပုဏ္ဏားကျွန်းမြို့ခံ လူငယ်တစ်ဦးက “ALP အဖွဲ့မှာ ရခိုင်လူထုနဲ့ထပ်တူကျတဲ့ လွတ်မြောက်လိုစိတ် မရှိဘူးဆိုတာ သိသာတယ်။ လက်ရှိဆင်နွဲနေတဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ သူတို့အခြေစိုက်ထားတဲ့ စစ်တွေကို ရောက်လာမှာကို တော်တော်လေးကို စိုးရိမ်နေပုံရတယ်။ ဒါကြောင့် စစ်ကောင်စီအကြိုက်ဆောင် ထုတ်ပြန်ချက်လို့ မြင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်းတွင် ဌာနချုပ်အခြေစိုက်ထားပြီး၊ စစ်ကောင်စီကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မပျက်မကွက်တက်ရောက်နေသည်။