စားသောက်ကုန်ဈေးနှုန်း မြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများ စားဝတ်နေရေး ပိုမိုကြပ်တည်းလာ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှု၏ အကျိုးဆက်အဖြစ် ပြည်တွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေသည်။

14 Jul 2022

DMG ၊ ဇူလိုင် ၁၄

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူမှု၏ အကျိုးဆက်အဖြစ် ပြည်တွင်းအခြေခံစားသောက်ကုန်ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှစပြီး ယခု ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ တစ်နှစ်ခွဲနီးပါးအချိန်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ နှစ်ဆမှ သုံးဆအထိ မြင့်တက်သွားကြောင်း ပုသိမ်မြို့ အခြေခံစားသောက်ကုန် ရောင်းချနေသူတစ်ဦးက ပြောသည်။

“အခြေခံစားကုန်တွေက အာဏာစသိမ်းခါစကနေ တဖြည်းဖြည်းချင်း ဈေးတက်လာတာ။ မေလလောက်က တက်သွားတယ်။ အများဆုံးတက်နေတာဆီဈေးတွေ၊ နောက်ဆန်လည်းပါတယ်။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကအစ အိမ်သုံးဆားအဆုံး ဈေးတက်သွားတယ်။ ဈေးနှုန်းနှစ်ဆ သုံးဆလောက်ကို ဖြစ်ကုန်တယ်”ဟု ပုသိမ်မြို့ အခြေခံစားသောက်ကုန် ရောင်းချသူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းသည့်အချိန်မှ ယခု တစ်နှစ်ခွဲနီးပါးကြာ အချိန်အတွင်း၌ ပုသိမ်မြို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် စားအုန်းဆီဈေးနှုန်း တစ်ပိဿာကို ယခင်က(၂၀၀၀)ကျပ်မှ ယခု (၈၀၀၀)ကျပ်ဝန်းကျင်၊ ပဲဆီဈေးနှုန်း တစ်ပိဿာကို ယခင် (၆၀၀၀)ကျပ်မှ ယခု(၉၀၀၀)ကျပ်ဝန်းကျင်၊ ကြက်သွန်ဖြူတစ်ပိသာကို ယခင်(၆၀၀)ကျပ်မှ ယခု(၄၀၀၀)ကျပ်ဝန်းကျင်၊ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်(၅၀၀)ကျပ်မှ ယခု(၂၀၀၀)ကျပ်ဝန်းကျင်နှင့် ငရုပ်သီးတစ်ပိဿာကို ယခင်(၁၀၀၀)ကျပ်မှ ယခု (၈၀၀၀)ကျပ်နှင့် (၁၀၀၀၀)ကျပ်ဝန်းကျင်အထိ ဈေးနှုန်းများမြင့်တက်ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ ရန်ကုန် စားအုန်းဆီဈေးနှုန်းကို ယခင်(၅၀၀၀)ကျပ်ကျော်မှ ယခု (၄၆၅၀)ကျပ်အထိ ကျဆင်းခဲ့ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထိုသို့ စားအုံးဆီဈေးနှုန်းများ လျော့ကျလာခဲ့သော်လည်း ရန်ကုန်အတွင်း၌ လက်လီဈေးမှာ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်အထိ ပေါက်ဈေးရှိနေကြောင်း ရန်ကုန်ရှိ စားသုံးဆီဆိုင်ဈေးကွက်များမှ သိရသည်။

ထိုသို့ အခြေခံကုန်ဈေးနှုန်းများ အဆမတန်ဈေးမြင့်တက်မှုမှာ စစ်အာဏာသိမ်းပြီးနောက် အချိန် ၆ လ ကြာမှ စတင်ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် သာမန်အခြေခံမိသားစုများမှာ ချွေတာစားသုံးနေရကြောင်းလည်း ရန်ကုန်မြို့ခံတို့က ပြောဆိုသည်။

“စစ်အာဏာသိမ်းခါစက သိပ်မတက်သေးဘူး။ ငါးလခြောက်လလောက်အကြာမှ စတက်လာတာ။ အရင်ထက်စာရင်တော့ တပိုင်တနိုင်ပဲ ဝယ်စားနိုင်တော့တယ်”ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးကဆိုသည်။

ထို့အပြင် ဆန်ဈေးနှုန်းမှာလည်း ဆန်ကြမ်းတအိတ်ကို ယခင်(၁၅၀၀၀)ကျပ်မှ ယခု(၃၆၀၀၀)ကျပ်၊ ပေါ်ဆန်မွှေး(ရှယ်)တစ်အိတ်ကို ယခင်က(၄၀၀၀၀)ကျပ်မှ ယခု(၆၂၀၀၀)ကျပ်၊ ပေါ်ဆန်မွှေးအလတ်စား တစ်အိတ်လျှင် ယခင်(၃၅၀၀၀)ကျပ်မှ ယခု(၅၅၀၀၀)ကျပ်နှင့် ပေါ်ဆန်းမွှေး(ရိုးရိုး)တစ်အိတ်လျှင် ယခင်က ၃၀၀၀၀ ကျပ်မှ ယခု ၄၂၀၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်နေကြောင်း ရန်ကုန်ရှိ ဆန်ပွဲရုံကုန်သည်များထံမှသိရသည်။

“ဆန်ဈေးကတော့ မတရားကိုတက်နေတာ။ ဆန်ကြမ်းဈေးက အရင်တစ်သောင်းခွဲကနေ အခု ၃၆၀၀၀ ဖြစ်နေပြီ။ ဆန်ချောက အခုငါးသောင်းကျော်ဝန်းကျင်မှာပဲ ရှိနေတယ်။ ဈေးကတော့ ပြန်ကျမယ့်အလားအလာဖြစ်ဖို့ မမြင်သေးဘူး”ဟု ရန်ကုန်ရှိ ဆန်ကုန်သည်တစ်ဦးကဆိုသည်။

ထိုသို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ရရှိသည့်လုပ်ခလစာနှင့် ချိန်ဆသုံးစွဲနေရပြီး စားဝတ်နေရေးမှာ ပိုမိုကြပ်တည်းနေရကြောင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ခံများက ပြောဆိုသည်။

“ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်နေတော့ ရတဲ့လစာနဲ့ မနည်းချိန်ဆပြီး သုံးနေရတယ်။ အဆောင်ခနဲ့ ဆိုင်ကယ်ဆီဖြည့်ခကလည်း မနည်းကုန်တယ်။ မိသားစုများတဲ့သူတွေဆို ပိုပြီးအခက်အခဲဖြစ်ကြရတယ်”ဟု မော်လမြိုင်မြို့ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးကဆိုသည်။

ထို့အတူ စစ်တပ်မှအာဏာသိမ်းယူပြီး တစ်နှစ်ခွဲအကြာအချိန်တွင် စိုက်ပျိုးရေးသွင်းအားစုများ သုံးဆခန့် ဈေးနှုန်းမြင့်တက်မှုနှင့် စက်သုံးဆီဈေးနှုန်း နှစ်ဆကျော်မြင့်တက်မှုကြောင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများမှာ လက်ရှိထက် ပိုမိုမြင့်တက်နိုင်ဖွယ်ရှိနေကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။