- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လေးလကြာပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ် မောတောင် ကုန်သွယ်ရေးဂိတ်ပြန်ဖွင့်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မောတောင်-စင်ခွန်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယမန်နေ့(သြဂုတ်လ ၂ ရက်) နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူများထံမှ သိရသည်။
03 Aug 2022
DMG ၊ သြဂုတ် ၃
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် မောတောင်-စင်ခွန်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယမန်နေ့(သြဂုတ်လ ၂ ရက်) နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်ကာ ကိုဗစ်ရောဂါနှင့် တနင်္သာရီမြို့နယ်အနီး တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် လေးလကြာအထိ မောတောင်နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ရသည်။ ယခုအခါတွင် နှစ်နိုင်ငံညှိုနှိုင်းမှုများကြောင့် ဂိတ်များပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တာဝန်ခံတစ်ဦးက ပြောသည်။
“မောတောင်နယ်စပ်ဂိတ်ကို ပိတ်ထားတာလေးလကြာပြီ။ တိုက်ပွဲတွေပြင်းထန်လာလို့ ပိတ်လိုက်ရတာ။ အဲဒါကြောင့် နှစ်ဖက်ညှိုနှိုင်းကြတယ်။ မနေ့ကညနေမှာ ဂိတ်ပြန်ဖွင့်ဖို့ပြင်ဆင်ခဲ့တယ်။ ဒီနေ့ကစပြီး နယ်စပ်ဂိတ်ကိုစပြီးပြန်ဖွင့်ပါပြီ”ဟု အဆိုပါကုန်သွယ်ရေးဂိတ် တာဝန်ခံတစ်ဦးကပြောသည်။
အဆိုပါ ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ရာတွင် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် ကုန်စည်အချို့ကိုသာ တင်ပို့ခွင့်ပြုထားပြီး ခရီးသွားလာရေးလုပ်ငန်းအရ လူအဝင်အထွက်သွားလာမှုကို လတ်တလောအခြေအနေ၌ ခွင့်မပြုသေးဟုလည်း သိရသည်။
“လူအဝင်အထွက်မပါသေးဘူး။ ကုန်စည်တင်ပို့ရအောင်အတွက်ပဲ ပြန်ဖွင့်လိုက်တာပါ။ ကုန်စည်ထဲမှာတောင် သတ်မှတ်ထားတဲ့ကုန်တွေကို တင်ပို့ခွင့်ပြုထားပါတယ်။ တဖြေးဖြေးချင်းဖြေလျော့လာမှာပါ”ဟု ကုန်သွယ်ရေးဂိတ် တာဝန်ရှိသူတစ်ဦးကဆိုသည်။
ထို့အပြင် ကိုဗစ်ကာလ စည်းကမ်းသတ်မှတ်ချက်အရ ကုန်စည်တင်သွင်းခြင်း၊ တင်ပို့ခြင်းပြုလုပ်ကြမည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ကုန်ပစ္စည်းစာရင်းများကို Invoice/Packing List အပြည့်အစုံဖြင့် ထိုင်းနိုင်ငံ ပရာကျွပ်ခီရီခန်ခရိုင်ဝန်ရုံးတွင် အစိုးရရုံးဖွင့်ရက်တစ်ရက် ကြိုတင်၍ အကြောင်းကြားရမည်ဖြစ်သည်။
ထို့အပြင် ကုန်တင်ယာဉ်များအနေဖြင့်လည်း ယာဉ်မောင်း (၁)ဦးသာ လိုက်ပါရမည်ဖြစ်ပြီး PPE ဝတ်စုံနှင့် အလားသဏ္ဍာန်တူသော မိုးကာများ၊ လက်အိပ်များ၊ Mask များနှင့် ဦးထုပ်များကို ဝတ်ဆင်ကြရမည်ဟုလည်း ထိုင်းဘက်က စည်းကမ်းသတ်မှတ်ထားကြောင်း သိရသည်။
“ထိုင်းက ကိုဗစ်စည်းကမ်းချက်နဲ့အညီ သတ်မှတ်တာကို လက်ခံပါတယ်။ ဒါပေမယ့် ကုန်တွေသယ်ပို့တဲ့အခါ ကုန်ကားတွေ ကိုယ့်အလှည့်ကျဖို့စောင့်ရတာက အဆင်မပြေဘူး။ ကုန်စည်တွေက ပုပ်သိုးလွယ်မယ့်ပစ္စည်းတွေ ဖြစ်နေတာ။ ကြာရင်ပျက်စီးသွားနိုင်တယ်”ဟု အဆိုပါမြို့ခံ နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။
အဆိုပါ မောတောင်-စင်ခွန်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို မြန်မာစံတော်ချိန် နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိနှင့် တနင်္လာနေ့မှ စနေနေ့အထိသာ ဖွင့်လှစ်မည်ဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း ကုန်သွယ်မှုစည်းကမ်းချက်များအတိုင်း သတ်မှတ်ထားသည့် ကုန်ပစ္စည်းများကို ဖလှယ်ခွင့်ပြုထားကြောင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တာဝန်ရှိသူများထံမှ သိရသည်။