- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူပင်လယ်ပြင်တွင် သောင်တင်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ရဲစခန်းတွင်ထိန်းသိမ်းထား
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးပါဝင်သည့် ငါးဖမ်းစက်လှေတစ်စီးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ပင်လယ်ကမ်းခြေတွင်သောင်တင်နေသဖြင့် အဆိုပါ နိုင်ငံခြားသား ၆ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ရဲစခန်းတွင်ထိန်းသိမ်းထားသည်ဟု သိရသည်။
02 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးပါဝင်သည့် ငါးဖမ်းစက်လှေတစ်စီးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ပင်လယ်ကမ်းခြေတွင်သောင်တင်နေသဖြင့် အဆိုပါ နိုင်ငံခြားသား ၆ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး ရဲစခန်းတွင်ထိန်းသိမ်းထားသည်ဟု သိရသည်။
၎င်းတို့ ၆ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ တက္ကနက်မြို့၊ နိုဝါခါလီကျေးရွာမှဖြစ်ပြီး အသက် ၂၀ မှ အသက် ၄၀ အရွယ်ရှိသူများ ပါဝင်ကြသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦး ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေတွင် သောင်တင်နေသည်ဟုသတင်းရရှိသဖြင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး Covid 19 ရောဂါပိုးရှိ၊မရှိစစ်ဆေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူး ဦးကျော်အေးသန်းက DMG သို့ပြောသည်။
“သူတို့ရောက်ရောက်ချင်းပဲ ကျနော်တို့ကြက်ခြေနီအသင်းနဲ့ ကျန်းမာရေဌာနပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးတွေပေးပြီးတော့ လိုအပ်တာတွေ မေးမြန်းစစ်ဆေးပြီး Covid-19 ရှိ၊ မရှိကိုလည်း စစ်ဆေးဖို့ တာဝန်ယူဆောင်ရွက်ပေးရပါတယ်။ Covid-19 ကတော့ သူတို့ခြောက်ယောက်စလုံးမှာ မတွေ့ရပါဘူး”ဟု ၎င်းကဆိုသည်။
လက်ရှိမှာ ၎င်းတို့ ၆ ဦးကို ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းကာ လိုအပ်သည်များကိုမေးမြန်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်းပေးထားသည်ဟု ဦးကျော်အေးသန်းက ဆက်လက်ပြောသည်။
ပြည်နယ်စစ်ကောင်စီ၏သတင်းများကို ဖော်ပြနေသည့် ရခိုင်နေ့စဉ်သတင်းစာမျက်နှာတွင်မူ ၎င်းတို့ ၆ ဦးမှာ ငါးဖမ်းရန်ထွက်ခွာလာစဉ် စက်ချို့ယွင်းမှုဖြစ်ပေါ်ကာ ရေစီးဖြင့်မျောပါလာခဲ့ရာမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို မြို့နယ်(လဝက)မှ လိုအပ်သောစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန်အတွက် ကျောက်ဖြူမြို့မရဲစခန်းကို ဆက်သွယ်ရာတွင် ဖုန်းကိုင်သူတစ်ဦးက စခန်းမှူးမရှိသောကြောင့် ဖြေဆို၍မရဟုတုန့်ပြန်သဖြင့် အသေးစိတ်အခြေအနေကို မသိရှိရသေးပေ။