ARSA သတ်ဖြတ်သွားသည့် ဘူးသီးတောင်ဒေသခံနှစ်ဦး ရုပ်အလောင်းအား တွေ့ရှိ

၎င်းတို့နှစ်ဦးအား ဂုံးနား(မွတ်ဆလင်)ရွာရှိ နေအိမ်ဝန်းတစ်ခုမှာ ခေါင်းဖြတ်သတ်ကာ မြေမြှုပ်ထားသည်ကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်သည်။ 

By Admin 11 Oct 2024

ဘူးသီးတောင်မြို့ခံနှစ်ဦးအား ARSA အဖွဲ့ဝင်များက ဂုံးနားရွာရှိ နေအိမ်ဝင်းတစ်ခုတွင် အလောင်းဖျောက် မြေမြှုပ်ခဲ့ကြသည်။ (ဓာတ်ပုံ- AA Info Desk)
ဘူးသီးတောင်မြို့ခံနှစ်ဦးအား ARSA အဖွဲ့ဝင်များက ဂုံးနားရွာရှိ နေအိမ်ဝင်းတစ်ခုတွင် အလောင်းဖျောက် မြေမြှုပ်ခဲ့ကြသည်။ (ဓာတ်ပုံ- AA Info Desk)

DMG ၊ အောက်တိုဘာ ၁၁

မေယုတောင်သို့ ဝါးခုတ်သွားသည့် ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်မှ ဒေသခံနှစ်ဦးကို ARSA တပ်ဖွဲ့ဝင်များက ဦးခေါင်းကိုဖြတ်ပြီး အလောင်းဖျောက် မြေမြှုပ်ထားခဲ့ကြောင်း သိရသည်။ 

သတ်ဖြတ်ခံရသူ ဦးစံရွှေမောင်(၆၇ နှစ်)နှင့် ဦးမောင်မြအောင်(၆၅ နှစ်)တို့ဖြစ်ကြပြီး အောက်တိုဘာလ ၇ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ထွက်သွားရာမှ ARSA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ 

၎င်းတို့နှစ်ဦးအား ဂုံးနား(မွတ်ဆလင်)ရွာရှိ နေအိမ်ဝန်းတစ်ခုမှာ ခေါင်းဖြတ်သတ်ကာ မြေမြှုပ်ထားသည်ကို အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း အာရက္ခတပ်တော်က သတင်းထုတ်ပြန်သည်။ 

ပျောက်ဆုံးသူများကို လိုက်လံရှာဖွေသည့် အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ (DLEPS) အဖွဲ့မှ တပ်ဖွဲ့ဝင်များကို အောက်တိုဘာလ ၇ ရက်တွင် ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

အရပ်သားများအား သတ်ဖြတ်ခဲ့သည့်  ARSA တပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွေနေကြောင်း AA က ဆိုထားသည်။

“ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်မှာ စစ်ကောင်စီကင်းစင်သွားရင်တောင် မွတ်ဆလင်လက်နက်ကိုင်တွေ အမြစ်မပြတ် သရွေ့တော့ လုံခြုံမှုအပြည့်အဝ ရှိမှာမဟုတ်ဘူး”  ဘူးသီးတောင်ဒေသခံ တစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်ပြီးချိန်မှစ၍ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ARSA သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှု ၂ ကြိမ်နှင့် သေဆုံးသူ ၉ ဦးရှိခဲ့သည်။ မောင်တောမြို့နယ်မှာလည်း ARSA သတ်ဖြတ်မှုကြောင့် အရပ်သားသေဆုံးမှု ၂ ကြိမ်နှင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိကာ ဒဏ်ရာရရှိသူ ၄ ဦးထက်မနည်းရှိ နေသည်။

စက်တင်ဘာ ၃၀ ရက်နေ့ကလည်း မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှ ဒေသခံ ၄ ဦးမှာ ငါးဖမ်းသွားရာကနေ ပျောက်ဆုံးနေပြီး ၁၀ ရက်ကျော်ကြာသည့်တိုင် ရှာမတွေ့သေးပေ။

ဘူးသီးတောင်ဒေသခံ နောက်တစ်ဦးက  “ဘူးသီးတောင်၊ မောင်တော နယ်စပ်တစ်လျောက်မှာ လှုပ်ရှားနေကြတဲ့ မွတ်ဆလင်အဖွဲ့တွေဟာ လူထုကိုကိုယ်စားပြုကြတဲ့ အဖွဲ့တွေမဟုတ်ဘဲ ဒုက္ခပေါင်းစုံပေးနေကြတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေသာ ဖြစ်ကြတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ တော်လှန်ရေးကို ဟန့်တားနေကြတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ ပြည်သူတွေ လုံခြုံဖို့နဲ့ နယ်မြေအေးချမ်းဖို့ AA အနေနဲ့ ဒီလိုအဖွဲ့ အစည်းတွေကို ရှင်းလင်းဖို့ လိုအပ်တယ် ” ဟု ပြောသည်။

မွတ်ဆင်လင် လက်နက်အဖွဲ့အစည်းများဖြစ်ကြသည့် ARSA၊ RSO၊ ARA အဖွဲ့အစည်းတွေဟာ ဘူးသီးတောင်နှင့် မောင်တောတိုက်များတွင် စစ်ကောင်စီနှင့် မဟာမိတ်ဖွဲ့ထားပြီး လက်ရှိ အချိန်အထိလည်း အာရက္ခတပ်တော်၏ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခြုံခိုတိုက်ခိုက်နေကြသည်။

အာရက္ခတပ်တော်(AA)ကတော့ ရခိုင်ဒေသတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ အခြေချခွင့်မပြုဘဲ နှိမ်နင်းသွားမည်ဟု ပြောဆိုထားသည်။