ရခိုင်ကမ်းရိုးတန်းသို့ ရက်ပိုင်းအတွင်း အားကောင်းသည့်မုန်တိုင်းငယ်ဝင်ရောက်နိုင်

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းအနီးသို့ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

21 Mar 2022

DMG ၊ မတ် ၂၁

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မတ်လ ၂၃ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းအနီးသို့ရောက်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် နီကိုးဘားကျွန်းနှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ရွှေ့လျားပြီး နောက် (၁၂)နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းရသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အဆိုပါမုန်တိုင်းငယ်သည် ယနေ့နေ့လယ်ပိုင်းတွင် ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၂ ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊ မတ်လ ၂၃ ရက်နေ့နံနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု မိုး/ဇလကခန့်မှန်းထားသည်။

“မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့် အခြေအနေဖြစ်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟုသတ်မှတ်ပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နံနက်မှ မတ်လ ၂၃ ရက်နေ့အတွင်း ရခိုင်ပြည်နယ်၊ နေပြည်တော်၊ စစ်ကိုင်း၊ ဧရာဝတီ စသည့်တိုင်းနှင့်ပြည်နယ်အများအပြားတွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးနိုင်သည်ဟုမိုး/ဇလက သတိပေးထားသည်။

အဆိုပါမုန်တိုင်းရောက်ရှိလျှင် ကိုကိုးကျွန်းအနီး ရခိုင်ကမ်းရိုးတန်းတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟုခန့်မှန်းကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန်လည်း မိုး/ဇလ အသိပေးထားသည်။