ရခိုင်ဒေသထွက် အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့

ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ ဂွနှင့် မာန်အောင်မြို့နယ်များမှထွက်ရှိသောအုန်းသီးများကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

By DMG 26 Jan 2022

ဓာတ်ပုံ - RSCCI

DMG ၊ ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ ဂွနှင့် မာန်အောင်မြို့နယ်များမှထွက်ရှိသောအုန်းသီးများကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်းသိရသည်။

ရခိုင်ဒေသထွက်အုန်းသီးများကို ယခုနှစ်ဇန်နဝါရီလမှစတင်ကာ တင်ပို့နေခြင်းဖြစ်ပြီး အုန်းသီးတစ်လုံးလျှင် တန်ဖိုးငွေကျပ် ၇၀၀ ဖြင့်တင်ပို့နေခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) မှ အတွင်းရေးမှူး ကိုအောင်အောင်ကပြောသည်။

“အုန်းခြံပိုင်ရှင်တွေက တစ်လုံးကို ၃၀၀ ကျပ်နဲ့ရောင်းတယ်။ ကုန်သွယ်ခနဲ့ဆိုတော့ တစ်လုံးကို ၄၅၀ ကျပ်လောက်ကျတယ်။ တဖက်နိုင်ငံကိုတော့ ၇၀၀ ကျပ်နဲ့တင်ပို့တယ်။ ပို့တာကတော့ ဒီလမှစပို့တာပါ” ဟု DMG သို့ပြောသည်။

ရခိုင်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှတင်ပို့နေသော အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်ရုံသုံးအတွက်မဟုတ်ပဲ စားသုံးရန်အတွက်သာ ဝယ်ယူနေခြင်းဖြစ်ကြောင်း ကိုအောင်အောင်ကရှင်းပြသည်။

အုန်းသီးထွက်နှုန်းများပြားသော မာန်အောင်မြို့နယ်တွင် အုန်းသီးတစ်လုံးလျှင် ယခင်က ၃၀၀ ကျပ်ရရှိခဲ့သော်လည်း ယခုအခါ ၁၀၀ ကျပ်ခန့်သာရရှိ၍ အုန်းသီးလုပ်ငန်းလုပ်ကိုင်သူနည်းပါးလာနေကြောင်း သိရသည်။

မာန်အောင်ဒေသခံ ကိုထက်မြင့်ကိုက “အခုက အုန်းသီးဈေးကွက်က ကျသွားတယ်။ နောက်ပြီးတော့ အုန်းပင်တက်သူတွေလည်း မရှိသလောက်ရှားလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အုန်းသီးဈေးကွက်ကဈေးမရတော့ အုန်းခြံလုပ်ကိုင်သူတွေနည်းလာတယ်”ဟု DMG သို့ပြောသည်။

အလားတူ သံတွဲမြို့နယ်တွင်လည်း အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူများ ယခင်ထက်နည်းလာနေကြောင်း သံတွဲဒေသခံ ကိုမြင့်မိုးကပြောသည်။

“အုန်းသီးတွေက ဈေးကွက်မရဘူး။ နောက်ပြီးတော့ သယ်ယူစရိတ်တွေများတယ်ဆိုတော့ အုန်းသီးလုပ်တဲ့သူတွေက မရှိသလောက်ကိုရှားပါးလာတယ်။ အရှုံးပေါ်တဲ့အတွက် မလုပ်တဲ့သူတွေများလာတယ်”ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ဒေသထွက်အုန်းသီးတန်ချိန် ၄၀ ကျော်အထိ တင်ပို့ထားပြီးဖြစ်ကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း တာဝန်ရှိသူထံမှသိရသည်။

ရခိုင်ပြည်နယ်ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အုန်းသီးအပြင် ကြိမ်များကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့လျှက်ရှိသည်။