ကုန်ပစ္စည်းသယ်ရန်သွားသည့် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီး 

ကျောက်ဖြူမြို့တွင် ဝယ်ယူထားသော အခြေခံစားသောက်ကုန် ပစ္စည်းများကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းအချိန် ကျောက်တလုံးဂိတ်အလွန်မှ သယ်ယူရန်သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

By Admin 11 Oct 2024

ကျောက်ဖြူမြို့အဝင်/ထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဥ်။
ကျောက်ဖြူမြို့အဝင်/ထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်အား ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်းက တွေ့ရစဥ်။

DMG ၊ အောက်တိုဘာ ၁၁

စားဝတ်နေရေး အကျပ်အတည်းများကြောင့် ကုန်ပစ္စည်းသယ်ဆောင်ရန် သွားကြသည့် ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာနှင့် ဂုံးချွိန်ကျေးရွာမှ ဒေသခံ ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူမှာ အုန်းတောကျေးရွာမှ အသက် (၅၀)အရွယ် ဦးခင်မောင်နှင့် နောက်ထပ်ဒေသခံတစ်ဦး၊ ဂုံးချွိန်ကျေးရွာမှ အသက် (၃၀)ကျော်အရွယ် ကိုကျော်ဇေယျာငြိမ်းနှင့် နောက်ထပ်ဒေသခံတစ်ဦးတို့ ဖြစ်သည်။

ကျောက်ဖြူမြို့တွင် ဝယ်ယူထားသော အခြေခံစားသောက်ကုန် ပစ္စည်းများကို အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းအချိန် ကျောက်တလုံးဂိတ်အလွန်မှ သယ်ယူရန်သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။  

“စစ်ကောင်စီကို ငွေပေးပြီး စားသောက်ကုန်ပစ္စည်းတွေကို မြို့အပြင်အထိ ထုတ်ခိုင်းထားတာ။ သူတို့ထုတ်ထားတဲ့ပစ္စည်းကို သွားယူတဲ့အခါမှာ အခုလို ဖမ်းဆီးခံလိုက်ရတာပါ” ဟု ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးပေ။ 

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကျောက်ဖြူမြို့နယ်က ဒေသခံများမှာ စားဝတ်နေရေး၊ ကျန်းမာရေး အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။

ထို့ကြောင့် ဒေသခံများမှာ စားနပ်ရိက္ခာရရှိရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေကြစဉ် စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်း၊ ရိုက်နှက်စစ်ဆေးခြင်းများနှင့် လေကြောင်းပစ်ခတ်မှုဒဏ်ကို ကြုံတွေ့နေကြရသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဆေးဝယ်ဖို့သွားတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ယောက် ကျောက်တလုံး စစ်ဆေးဂိတ်က စစ်ကောင်စီတပ်သားတွေရဲ့  ရိုက်နှက်စစ်ဆေးတာ ခံခဲ့ရတယ်။ သူတို့ အလိုမကျရင် အကြောင်းအမျိုးအမျိုးပြပြီး ရိုက်နက်တာတွေရှိတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်က ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အသက်အပြည့်သေးသည့် မိန်းကလေးငယ် တစ်ဦးအပါဝင် အမျိုးသမီး ၄ ဦးမှာ တရားမဝင် ရိက္ခာသယ်ယူသည်ဟုဆိုကာ ထောင်ဒဏ် (၁) လစီ ချမှတ်ခံလိုက်ရသည်။