ဘူးသီးတောင်မြို့ရှိ စစ်ဘေးရှောင်စခန်းမှ စာသင်ကျောင်းဆောင် လေပြင်းတိုက်ခတ်မှုကြောင့်ပြိုပျက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ်(၂)မြို့မရပ်ကွက် လမ်းမဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းမှ စာသင်ကျောင်းဆောင်နှစ်ဆောင်လုံးမှာ ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုဒဏ်ကိုခံလိုက်ရသည်အတွက် ပြိုပျက်ခဲ့ကြောင်း သတင်းရရှိသည်။

12 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ်(၂)မြို့မရပ်ကွက် လမ်းမဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းမှ စာသင်ကျောင်းဆောင်နှစ်ဆောင်လုံးမှာ ယနေ့(ဖေဖော်ဝါရီလ ၁၂ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် လေပြင်းတိုက်ခတ်မှုဒဏ်ကိုခံလိုက်ရသည်အတွက် ပြိုပျက်ခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလက အလှူရှင်များ၏အကူအညီဖြင့် ဓနိမိုး၊ ဝါးကြမ်းခင်းဖြင့် ‌ကျောင်းဆောင်နှစ်ဆောင်ကို ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယနေ့တွင် လေပြင်းတိုက်ခတ်မှုဒဏ်ကို မခံနိုင်သည့်အတွက် စာသင်ကျောင်းဆောင်ပြိုပျက်သွားရခြင်းဖြစ်ကာ လက်ရှိတွင် စာသင်ကြားရန်အခက်အခဲဖြစ်နေကြောင်း စခန်းတာဝန်ရှိသူတို့က DMG ကိုပြောသည်။

“လမ်းမကယ်ဆယ်ရေးစခန်းက ဒီကျောင်းဆောင်တွေဟာ သူငယ်တန်းကနေ Grade-7 ထိ သင်ကြားပေးနေတာ။ ကလေးတွေတက်ရောက်တဲ့ ကျောင်းဖြစ်တယ်။ ကျောင်းဆောင်ကလည်း ဟောင်းနွမ်းနေပြီ၊ လေပြင်းတိုက်ခတ်တော့ မခံနိုင်ဘဲပြိုကျသွားတာ။ ကျောင်းကလည်းမပြီးသေးတော့ ဆက်လက်စာသင်ကြားဖို့ နေရာအခက်အခဲဖြစ်နေတယ်”ဟု လမ်းမစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးကျော်ဝင်းကပြောသည်။

Photo – MP Oung Thaung Shway

အဆိုပါကျောင်းမှာ မူလွန်ကျောင်းဖြစ်ပြီး ကျောင်သား၊ကျောင်းသူဦးရေ ၁၆၀ ကျော်ကို ဆရာ၊ဆရာမ ၁၀ ဦးတို့က ပညာသင်ကြားပေးလျက်ရှိသည်။ ယခုပြိုပျက်သွားသည့် စာသင်ကျောင်းကို အမြန်ဆုံးပြုပြင်ရန် အလှူရှင်များလိုအပ်နေကြောင်း စခန်းတာဝန်ခံတို့ကဆိုသည်။

လက်ရှိကျောင်းသား၊ ကျောင်းသူတို့မှာ စာသင်နှစ်မပြီးဆုံးသေးသည့်အတွက် ကလေးငယ်များပညာဆက်လက်သင်ကြားနိုင်ရန် နေရာထိုင်ခင်းတစ်ခုခု ကူညီပေးစေလိုကြောင်း စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်သိန်းမေကပြောသည်။

“ကလေးတွေရဲ့ စာသင်နှစ်ကလည်းမပြီးသေးဘူးလေ။ အခုလို ကျောင်းပြိုပျက်သွားတော့ စာဆက်သင်ဖို့ အခက်အခဲဖြစ်သွားတာပေါ့။ ကလေးတွေ ပညာဆက်သင်ကြားနိုင်ဖို့ အလှူရှင်တွေက နေရာတစ်ခုလောက်စီစဉ်ပေးရင်ကောင်းမယ်”ဟု ဒေါ်သိန်းမေကပြောသည်။

အဆိုပါလမ်းမစစ်ဘေးရှောင်စခန်းတွင် ဘူးသီးတောင်မြို့နယ် နွားရုံတောင်၊ သျှစ်သျှားတောင်၊ စံးဂိုးတောင်၊ ဥယျာဉ်သာ၊ သရက်ပြင်နှင့် အခြားသောရွာငယ်များအပါအဝင် ရွာပေါင်း ၁၆ ရွာမှ လူဦးရေစုစုပေါင်း ၁၃၅၁ ဦးခိုလှုံနေထိုင်လျက်ရှိသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။ ၎င်းတို့မှာ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးကြပေ။