လက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်-ထီးခီးကားလမ်းရှိ ကျေးရွာများမှ ဒေသခံ ၅၀၀ ကျော် တိမ်းရှောင်နေရ

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမပေါ်ရှိ ကျေးရွာများသို့ ဇူလိုင် ၆ ရက်နေ့က စစ်ကောင်စီယာဉ်တန်းဖြတ်သန်းစဉ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ(၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

07 Jul 2022

ထားဝယ်-ထီးခီးလမ်းပိုင်းတနေရာကိုတွေ့ရစဉ်/ ဓာတ်ပုံ- CJ

DMG ၊ ဇူလိုင် ၈

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမပေါ်ရှိ ကျေးရွာများသို့ ဇူလိုင် ၆ ရက်နေ့က စစ်ကောင်စီယာဉ်တန်းဖြတ်သန်းစဉ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံ(၅၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ထားဝယ်မြို့မှ ထိုင်း-မြန်မာနယ်စပ် ထီးခီးဘက်သို့ စစ်ကောင်စီယာဉ်(၁၄)စီးဖြတ်သန်းလာစဉ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် သင်္ကန်းတုန်းနှင့် ဝကုန်းကျေးရွာတို့မှ ဒေသခံများမှာ အသက်အန္တရာယ်စိုးရိမ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ဝကုန်းကျေးရွာသားတစ်ဦးက “စစ်တပ်ယာဉ်တန်းထွက်လာတာ နှစ်ရက်ရှိနေပြီ။ ဇူလိုင် (၄)ရက်နဲ့ (၅)ရက်ကတည်းကပါ။ ထားဝယ်ကနေ ထီးခီးဘက်ကို ထွက်လာတာ။ ကား(၁၄)စီးရှိတယ်။ လာတဲ့လမ်းမမှာ တိုက်ခိုက်ခံရတာဖြစ်မယ်။ အဲဒါကြောင့် ရွာဘက်ကို လက်နက်ကြီးနဲ့လှမ်းပစ်တာ။ အချက်ရေ (၂၀)ကျော်တယ်”ဟု ပြောသည်။

အဆိုပါလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းကို ယခင်က KNU နှင့် PDF ပူးပေါင်းအဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခြင်း၊ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းများ ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို KNU နှင့် ဒေသအတွင်း PDF များ တိုက်ခိုက်မှု ရှိ၊မရှိကို အတိအကျမသိရသေးပေ။

လက်ရှိတွင် စစ်ကောင်စီယာဉ်တန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သင်္ကန်းကုန်းကျေးရွာများရှိ နေအိမ်အချို့ ကျည်ထိမှန်ပျက်စီးမှုများရှိခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။

“လက်နက်ကြီးနဲ့ ရွာကိုပစ်တာ။ အချက်ရေလည်း မနည်းဘူး။ စစ်တပ်က ကားတွေနဲ့လာနေတာ။ ထီးခီးဘက်ကိုလာတယ်လို့ သိရတယ်။ အိမ်ကို လက်နက်ကြီးလာမှန်တာ။ အခုတိမ်းရှောင်နေရပါတယ်”ဟု သင်္ကန်းတုန်းကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။

ထိုသို့ ထားဝယ်-ထီးခီးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ လက်နက်ကြီးပစ်ခတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

လက်ရှိတွင် ထွက်ပြေးလာသူတို့မှာ အနီးအနားရှိ တောတောများတွင် အဆင်ပြေသလို ယာယီပုန်းခိုနေရပြီး ၎င်းတို့အတွက်လိုအပ်သည့် စားနပ်ရိက္ခာနှင့် အဝတ်အထည်များကို ဒေသတွင်းစစ်ရှောင်အရေး ကူညီနေသည့်အဖွဲ့များက ကူညီပေးနေကြောင်းလည်း သိရသည်။

ထားဝယ်မြို့နယ်တွင် ပြီးခဲ့သည့်ဇွန်လမှ ယခုဇူလိုင်လ ပထမ သီတင်းပတ်အထိ စစ်ကောင်စီတပ်နှင့် ကေအန်ယူ တပ်မဟာ(၄) KNDO ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောက်တစ်သောင်းခန့် ထပ်မံတိုးလာကြောင်း ထားဝယ်မြို့နယ် စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။