စစ်ကောင်စီမှ ထပ်မံဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်ရန်ရှိဟုဆို

စစ်ကောင်စီက ထပ်မံဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်ရန်ရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့(ဇူလိုင်လ ၂၆ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

26 Jul 2022

ယနေ့(ဇူလိုင်လ ၂၆ ရက်)နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုတွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၆

စစ်ကောင်စီက ထပ်မံဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ တက်ရောက်ရန်ရှိကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့(ဇူလိုင်လ ၂၆ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ လာရောက်ဆွေးနွေးဖို့ ပြင်ဆင်နေတာတွေရှိပါတယ်။ သူတို့ရဲ့အဖွဲ့တွေထဲမှာ အစည်းအဝေးလုပ်တာတွေ၊ ကိုယ်စားလှယ်ရွေးချယ်တာတွေ၊ ဆွေးနွေးမယ့်အကြောင်းအရာ ပြုစုတာတွေလုပ်နေကြတဲ့အတွက် နှောက်နှေးမှုတချို့ရှိနေတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောသည်။

သို့သော် ဆွေးနွေးပွဲသို့တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အမည်ကို စစ်ကောင်စီပြောခွင့်ရသူက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်းမရှိသည့် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NCA မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် တိုင်းပြည်အကျိုး၊ ဒေသအကျိုးကို အောင်မြင်စေလိုပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်လိုကြောင်း စစ်ကောင်စီက ပြီးခဲ့သည့်ဇွန်လ ၁၄ ရက်နေ့က ဒုတိယအကြိမ် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီမှဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ မတက်ရောက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်မြောက်ရေးတပ်(KIO) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကငြင်းဆိုထားပြီး ရက္ခိုင့်တပ်တော်(AA)က မှန်ကန်သည့် ငြိမ်းချမ်းရေးဖြစ်၊မဖြစ်ကို စောင့်ကြည့်မည်ဟုပြောဆိုထားသည်။

စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းလုပ်ဆောင်ရာတွင် ရိုးသားပွင့်လင်းပြီး တိုင်းပြည်ကိုမျက်နှာမူရန်လိုအပ်သည်ဟု ဘူးသီးတောင်မြို့နယ် အမတ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။

“ပါးစပ်ကတော့ ငြိမ်းချမ်းရေးလို့ပြောတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးကို အကောင်အထည်ဖော်တဲ့အခါမှာ မှန်ကန်မှုမရှိဘူး။ ရိုးသားမှုမရှိဘူး။ပြောတာတစ်မျိုး လုပ်တာတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် စစ်ပွဲတွေဖြစ်လာရတယ်”ဟု ဦးအောင်သောင်းရွှေကဆိုသည်။

၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားသည့်အတွက် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်သွားမည်ဆိုသည်ကို တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် သတိပြုရန် စစ်ကောင်စီက ထပ်လောင်းပြောဆိုထားသည်။

လက်ရှိတွင် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုရလာဒ်အနေဖြင့် NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် NCA မထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်(၂)ဖွဲ့ စုစုပေါင်း ၉  ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူကဆိုသည်။

ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူထားသည်မှာ လက်ရှိတွင် တစ်နှစ်ကျော်အထိကြာမြင့်လာခဲ့ပြီဖြစ်သည်။ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြည်သူများမှာလည်း အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်။