အမ်းတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ 

အမ်းမြို့နှင့် ၂ မိုင်ခန့်အကွာရှိ စစ်ကောင်စီခံတပ် မဲတောင်တွင် စက်တင်ဘာ ၂၆ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အသည်းအသန် ခုခံလျက်ရှိသည်။

By Admin 01 Oct 2024

စစ်ကောင်စီ၏ သံတွဲရေတပ်စခန်းကို အလုံးစုံ သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk) 
စစ်ကောင်စီ၏ သံတွဲရေတပ်စခန်းကို အလုံးစုံ သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk) 

DMG ၊ အောက်တိုဘာ ၁ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

အမ်းမြို့နှင့် ၂ မိုင်ခန့်အကွာရှိ စစ်ကောင်စီခံတပ် မဲတောင်တွင် စက်တင်ဘာ ၂၆ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် အသည်းအသန် ခုခံလျက်ရှိသည်။ 

“အမ်းမြို့နယ်မှာ တိုက်ပွဲတွေပိုပြင်းလာတယ်။ ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ဆဲပါ။ စစ်တပ်ဘက်ကတော့ လေကြောင်း၊ လက်နက်ကြီးတွေ တစ်ချိန်လုံးပစ်နေတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

အမ်းမြို့နယ်၊ ကျောက်စကွဲရွာအနီးတွင်လည်း စက်တင်ဘာ ၂၆၊ ၂၇ ရက်အတွင်း စကခ (၅) လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်များမှ အင်အား (၁၀၀) ခန့်ရှိစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီဘက်မှ အထိအခိုက်အချို့နှင့် ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရုပ်အလောင်း (၅) လောင်းနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။  

တိုက်ပွဲကြောင့် ကျောက်စကွဲ၊ ရွာသာယာ၊ မီးလောင်ချောင်း စသည့် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီလက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးမှုများလည်း ရှိနေသည်။ 

ကျောက်စကွဲကျေးရွာမှ မိသားစုဝင် ၃ ဦးမှာ စက်တင်ဘာ ၂၆ ရက်နေ့ တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးစဉ် လက်နက်ကြီးကျ၍ သေဆုံးသွားခဲ့ပြီး ရုပ်အလောင်များကို မသယ်ယူနိုင်သေးဟု ရွာသားများက ပြောသည်။  

“အလောင်းက ဒီအတိုင်း ကားလမ်းပေါ်မှာပဲ။ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် ပြီးခဲ့သည့် မတ်လမှစ၍ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လ ၂၃ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်ခဲ့သည်။  

လက်ရှိ AA ထိုးစစ်ဆင်နေသော ကြိမ်ချောင်းနှင့် ခမောင်းတော ကျေးရွာကြားရှိ မဲတောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီ၏ ကာကင်းစခန်း ၅ ခုအထိရှိပြီး အင်အားအလုံးအရင်းဖြည့်တင်းကာ ခံတပ်ပြုလုပ်ထားခြင်းဖြစ်သည်။ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှာ စစ်ကောင်စီအတွက် စစ်ရေးအရသာပါမက ဂုဏ်သိက္ခာပိုင်းအရလည်း အရေးပါသလို AA နှင့် ရခိုင်ပြည်သူအတွက်လည်း အရေးပါကြောင်း စစ်ရေးအကဲခက်သူတို့က ရှုမြင်ကြသည်။ 

“အခုလိုနေရာမျိုး ကျသွားရင်တော့ စစ်ကောင်စီအတွက် စိတ်ဓာတ်ကျဆင်းသွားစေနိုင်တယ်။ ရမခ ပြီးရင် နပခ ဆိုသလိုမျိုး ဖြစ်သွားနိုင်တယ်။ အေအေက သိမ်းပိုက်လိုက်ရင် အမ်းလမ်းကနေ ကုန်စည်စီးဆင်းမှုကိုလည်း အတိုင်းအတာတစ်ခုအထိ ဖွင့်ပေးနိုင်မယ်။ တစ်ဖက်မှာလည်း ပြည်မတော်လှန်အင်အားစုတွေနဲ့ ပူပေါင်းလို့ရတယ်။ အဲဒါကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အတွက်ပါ အရေးပါတယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။

အမ်းမြို့နယ်တွင် စစ်ကောင်စီ၏ နပခ၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့်အတူ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်တပ်ဖွဲ့များ ရှိကြောင်း သိရသည်။

တကျော့ပြန်တိုက်ပွဲ ၁၀ လကျော်အတွင်း မြို့နယ် ၁၁ ခုအထိ သိမ်းပိုက်ထားသော AA သည် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း တစ်ခုမကျန် သိမ်းပိုက်သွားမည်ဟု ကြေညာထား၍ ပွင့်လင်းရာသီ ရောက်လာသည်နှင့်အမျှ ရခိုင်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။