အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် လျှပ်စစ်မီးဖြင့်အလုပ်လုပ်ကိုင်နေသူများ အခက်တွေ့

သဘာဝဓာတ်ငွေ့များထွက်သည့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုရှိနေသောကြောင့် လျှပ်စစ်မီးကို အဓိကအသုံးပြုပြီး လုပ်ကိုင်နေရသည့် အလူမီနီယံလုပ်ငန်းများ၊မိတ္တူနှင့်ကွန်ပျူတာ စသည့်လုပ်ငန်းများ ထိခိုက်နေသည်။

16 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၆

သဘာဝဓာတ်ငွေ့များထွက်သည့် ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုရှိနေသောကြောင့် လျှပ်စစ်မီးကို အဓိကအသုံးပြုပြီး လုပ်ကိုင်နေရသည့် အလူမီနီယံလုပ်ငန်းများ၊မိတ္တူနှင့်ကွန်ပျူတာ စသည့်လုပ်ငန်းများ ထိခိုက်နေသည်။

နိုင်ငံတော်ဓာတ်အားစနစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်လျက်ရှိသော စက်ရုံကြီးများ၏ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာသောကြောင့် အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်လျက်ရှိခြင်းဟု စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ လျှပ်စစ်မီးမကြာခဏပြတ်တောက်မှုများကြောင့် လုပ်ငန်းလုပ်ကိုင်ရာတွင် အချိန်ကြန့်ကြာမှုများရှိနေသည်။ ထို့ပြင် မီးပြတ်နေမှုကြောင့် ကိုယ်ပိုင်မီးစက်များဝယ်ယူကာ မီးစက်နှိုးပြီး အလုပ်လုပ်ကိုင်ရသောကြောင့် ငွေကြေးကုန်ကျမှုများလည်း ပိုမိုများနေသည်ဟု အလူမီနီယံလုပ်ငန်းလုပ်နေသူ ကိုကျော်မြင့်နိုင်က DMG သို့ပြောသည်။

“အခက်အခဲတွေကတော့ နေ့တိုင်းမီးမလာဘူး။ မီးမလာတဲ့အတွက် ကျွန်တော်တို့ အလူမီနီယံလုပ်ငန်းတွေက အခက်အခဲတွေရှိတယ်။ မီးအချိန်ပြည့်ရစေချင်တယ်။ ဆီဖိုးတွေက တအားဈေးတက်တော့ မီးစက်နှိုးရတဲ့အပိုင်းတွေမှာလည်း ငွေကြေးကုန်ကျမှုတွေရှိတယ်”ဟု ၎င်းကဆိုသည်။

ယင်းအပြင် လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် သံထည်နှင့် စက်မှု/လက်မှုလုပ်ငန်းများမှာလည်း အခက်အခဲနှင့်ရင်ဆိုင်နေရပြီး လုပ်ငန်းလုပ်ကိုင်နိုင်မှုကျဆင်းသွားသည်ဟု စစ်တွေဒေသခံ ကိုဇော်အောင်ထွန်းကပြောသည်။

“ကျွန်တော်အလုပ်က အဓိကမီးနဲ့လုပ်ရတာဆိုတော့ မီးပြတ်သွားရင် အခက်အခဲတွေနဲ့ကြုံရတယ်။ နောက်ပြီးတော့ မီးတစ်ခါပြတ်ရင် ၆ နာရီလောက်ကြာတယ်။ စက်နှိုးထားရင်လည်း စက်ကလျှပ်စစ်မီးလောက်မလုပ်နိုင်ဘူး။ လုပ်ငန်းတွင်ကျယ်မှုတွေနည်းသွားတယ်။ အဲဒါကြောင့် မီးပုံမှန်ရစေချင်တယ်”ဟု သံထည်နှင့် စက်မှုလက်မှုလုပ်ကိုင်နေသည့် ၎င်းကဆိုသည်။

လျှပ်စစ်မီးကို အဓိကအသုံးပြုလုပ်ကိုင်နေရသည့် မိတ္တူနှင့် ကွန်ပျုတာစာစီစာရိုက်လုပ်ငန်းရှင်များမှာလည်း မီးမကြာခဏပြတ်တောက်နေမှုကြောင့် အခက်အခဲရှိသည်ဟု Fresher မိတ္တူနှင့် ကွန်ပျုတာစာစီစာရိုက်ဆိုင်က ဆိုင်တာဝန်ခံ ကိုဇေယျာကပြောသည်။

“အခက်အခဲကတော့ မီးပြတ်တဲ့အခါ မီးစက်တွေနှိုးရတယ်။ မိတ္တူကူးနေတဲ့အချိန် မီးပြတ်တဲ့အခါ အပျက်အစီးတွေရှိတယ်။  မီးစက်က တစ်နေကုန်ပျက်ရင် တစ်နေကုန် မီးစက်နှိုးထားရတာဆိုတော့ အခက်အခဲရှိတာပေါ့”ဟု ၎င်းကဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုကဲ့သို့ လျှပ်စစ်မီးမကြာခဏ ပြတ်တောက်နေခြင်းမှာ တိုင်းပြည်၏ ဆင်းရဲမွဲတေလာမှုကိုပြသရာရောက်သည်ဟု ကျောက်ဖြူမြို့ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးစင်တာ အမှုဆောင်ဒါရိုက်တာ ကိုထွန်းကြည်က ဝေဖန်သည်။

“အဓိကတော့ တိုင်းပြည်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ စီးပွားရေးကျဆင်းသွားတယ်ဆိုတဲ့ဟာကို ပြတယ်။ လျှပ်စစ်မီးကို နေရာကွက်ပြီးဖြန့်ရတယ်ဆိုကတည်းက တိုင်ပြည်ရဲ့ဆင်းရဲမွဲတေမှုမြင့်တက်လာတယ်ဆိုတာကို ပြတယ်ပေါ့နော်”ဟု ၎င်းကဆိုသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်နေရခြင်းမှာ ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံကို ရပ်တန့်ထားရခြင်း၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်းကို ပြုပြင်နေရခြင်း၊ သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှုလျှော့နည်းခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အားပို့လွှတ်ပေးနေသည့် တာဝါတိုင်များ မိုင်းခွဲဖျက်ဆီးခံရမှုတို့ကြောင့်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဓာတ်အားလျော့နည်းထုတ်လုပ်နေရသည့် ပမာဏနှင့်အညီ ဓာတ်အားစနစ်အား တည်ငြိမ်မှုကိုထိန်းညှိရန် ဆောင်ရွက်ရသည့်အတွက် ဓာတ်အားသုံးစွဲမှုများပြားသော နံနက် (၀၇:၀၀)နာရီမှ နေ့လည်(၁၁:၀၀)နာရီအတွင်းနှင့် ညအချိန်(၅)နာရီမှ (၇)နာရီအတွင်း အများဆုံးထုတ်လုပ်ပေးနိုင်သော ဓာတ်အားပမာဏထက် ကျော်လွန်ချိန်များ၌ ဝန်အားလျှော့ချ၍ ဓာတ်အားစနစ်ထိန်းညှိခြင်းကို မဖြစ်မနေဆောင်ရွက်ရလျက်ရှိသဖြင့် အချို့နေရာများတွင် အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။