- တစ်နိုင်ငံလုံးတွင် ယခုလအတွင်း တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာ
- သံတွဲမြို့နယ်တွင် လေကြောင်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင်အပါအဝင် ၈ ဦးဒဏ်ရာရ
- တောင်ကုတ် ခမရ (၃၄၆) တပ်ရင်းကို AA သိမ်းပိုက်
- အိမ်မွေးခွေးကို သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ မြန်မာအိမ်အကူအား စင်္ကာပူတရားရုံးက ထောင်ဒဏ်ကိုးလ ချမှတ်
- ဂွမြို့နယ် ကင်းပုံတံတားကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး
တစ်နိုင်ငံလုံးတွင် ယခုလအတွင်း တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာ
စက်တင်ဘာလက မြို့နယ်ပေါင်း ၁၁၆ ခုတွင် တိုက်ပွဲအကြိမ်ရေ အနည်းဆုံး ၅၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အောက်တိုဘာအတွင်း မြို့နယ်ပေါင်း ၁၂၅ ခုတွင် တိုက်ပွဲအကြိမ်ရေ အနည်းဆုံး ၅၂၁ ကြိမ် ဖြစ်ပွားခဲ့၍ တိုက်ပွဲနယ်မြေ ၉ မြို့နယ်အထိ ကျယ်ပြန့်လာခဲ့သည်ကို တွေ့ရသည်။
28 Nov 2024
DMG ၊ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံတဝန်းရှိ တိုက်ပွဲနယ်မြေများမှာ ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုလအတွင်း အနည်းငယ် ကျယ်ပြန့်လာကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ နိုဝင်ဘာ ၂၇ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စက်တင်ဘာလက မြို့နယ်ပေါင်း ၁၁၆ ခုတွင် တိုက်ပွဲအကြိမ်ရေ အနည်းဆုံး ၅၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး၊ အောက်တိုဘာအတွင်း မြို့နယ်ပေါင်း ၁၂၅ ခုတွင် တိုက်ပွဲအကြိမ်ရေ အနည်းဆုံး ၅၂၁ ကြိမ် ဖြစ်ပွားခဲ့၍ တိုက်ပွဲနယ်မြေ ၉ မြို့နယ်အထိ ကျယ်ပြန့်လာခဲ့သည်ကို တွေ့ရသည်။
“နိုင်ငံအလယ်ပိုင်းဒေသကို အခြေစိုက်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့က ERO ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ဆက်စပ်မိအောင် ပိုပြီးရုန်းကန်လာတယ်။ တိုက်စစ်တွေ ဖော်ဆောင်လာတယ်လို့လည်း ယူဆရတယ်။ ရန်သူတွေကို အနားမပေးဘူး ဆိုတာလည်း သက်ရောက်ပါတယ်။ ရှေ့ဆက်လည်း တိုက်ပွဲနယ်မြေတွေ ကျယ်ပြန့်လာတာမျိုးတွေ ရှိလာနိုင်သလို ERO ထိန်းချုပ်ပြီးသား ဒေသတွေ၊ အထူးသဖြင့် အညာဒေသတွေနဲ့ စစ်ဆင်ရေးအဆက်အသွယ်လုပ်နိုင်မယ့် လမ်းကြောင်းကို စိုးမိုးနိုင်ဖို့ ပိုပြီးအားထုတ် လာကြလိမ့်မယ်လို့ ထင်ပါတယ်” ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့၏ နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက DMG ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုများအနက် နှစ်ဘက်တိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် မိုင်းဆွဲတိုက်ခိုက်မှုမှာ အများဆုံးဖြစ်ခဲ့သည်။ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှု ၃၂၇ ကြိမ်နှင့် တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် တိုက်ခိုက်မှု အကြိမ်ရေ ၅၆ ကြိမ်ထိ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အနည်းဆုံး ၈၄ ကြိမ် ပြုလုပ်ခဲ့ပြီး တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းနှင့် ရဲစခန်း စသည့် စုစုပေါင်း ၄၂ ခုနှင့် မြို့ ၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဉာဏ်လင်းသစ်ထုတ်ပြန်ချက်တွင် ပါရှိသည်။
စစ်ရေးလှုပ်ရှားမှုနှင့် စစ်ဆင်ရေးဖော်ဆောင်မှု အားအကောင်းဆုံး ဒေသမှာ ရခိုင်၊ စစ်ကိုင်းနှင့် မကွေးဖြစ်ပြီး ရခိုင်တွင် ၁၂၅ ကြိမ်၊ စစ်ကိုင်းတွင် ၆၀ ကြိမ်နှင့် မကွေးတွင် ၅၅ ကြိမ် ရှိခဲ့သည်။
“AA အနေနဲ့ နယ်မြေအများစုကို စိုးမိုးထားပြီးနောက်မှာ အုပ်ချုပ်ရေးမြို့တော်၊ စစ်ရေးမြို့တော်တွေကို အပြီးသိမ်းပိုက်နိုင်ဖို့ ပင်မပစ်မှတ်ကို အပြီးသတ်သိမ်းပိုက်တာတွေ၊ နောက်တစ်ခါ ရိက္ခာလမ်းကြောင်း ဖြတ်တောက်ရေး စတဲ့ အထိုင်တွေပေါ်ကနေ ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲဝင်နေတာလည်း တွေ့ရပါတယ်။ ဒါကြောင့် တိုက်ပွဲအရေအတွက်တွေ မြင့်တက်နေတာဖြစ်တယ် ” ဟု ကိုမိုးထက်နေက ပြောသည်။
တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာသည်နှင့်အမျှ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများကြောင့် နိုင်ငံတဝန်းရှိ အရပ်သားများမှာ အကြောက်တရားများဖြင့် ဘေးလွတ်နေရာနေရာ အသီးသီးသို့ အိုအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည်။
တက်ဖက်တွင်လည်း အရပ်သားများမှာ တိုက်ပွဲနယ်မြေအတွင်း ပိတ်မိနေပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများနှင့် ပြင်းထန်သည့်တိုက်ပွဲများကြား အသက်အန္တရာယ်စိုးရိမ်မှုနှင့် ကြုံတွေ့နေကြရသည်။
“တိုက်ပွဲနယ်မြေထဲမှာ နေရတာဆိုတော့ ဘယ်နေ့ဘယ်အချိန် ကိုယ့်အနား ကျည်လာကျမလဲ ကြောက်နေရတယ်။ စစ်ကောင်စီလေကြောင်းက ပိုပြီးစိုးရိမ်ရတယ်။ ညဆိုရင်လည်း ကောင်းကောင်း မအိပ်ရဘူး။ ကြောက်စိတ်တွေနဲ့ ပြည့်နေတယ်” ဟု ရခိုင်ပြည်၊ မောင်တောမြို့မှ စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက ပြောသည်။
တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာမှုနှင့်အတူ လက်နက်ကြီး၊ လေကြောင်း၊ စစ်ဆင်ရေးနှင့် ပြင်းထန်သည့် တိုက်ပွဲများကြောင့် အရပ်သားပြည်သူ အိုးအိမ်စွန်ခွာ တိမ်းရှောင်နေရသူဦးရေ စံချိန်တင်မြင့်တက်နေပြီး နိုင်ငံတဝန်းတွင် နေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စာရင်းအရ သိရသည်။
BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၅ ရက်အထိ ၄ နှစ်နီးပါးအတွင်း နိုင်ငံတဝန်းတွင် တိုက်ပွဲဖြစ်စဉ်ပေါင်း ၅,၅၅၉ ခု ရှိခဲ့ပြီး ထိုအထဲမှ တိုက်ပွဲဖြစ်စဉ်ပေါင်း ၁,၈၃၂ ခုသည် တိုင်းရင်းသားဒေသအသီးသီးနှင့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်း စသော အညာဒေသတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။