- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်သူတို့၏လိုအပ်ချက်များကို အာဏာပိုင်များမှကူညီပေးရန် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ တောင်းဆို
လက်ရှိအကျပ်အတည်းကာလတွင် တောင်သူလယ်သမားတို့၏ အခွင့်အရေးများကို အတတ်နိုင်ဆုံး ကာကွယ်ပေးရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာအာဏာပိုင်များမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ
02 Apr 2022
DMG ၊ ဧပြီ ၂
လက်ရှိအကျပ်အတည်းကာလတွင် တောင်သူလယ်သမားတို့၏ အခွင့်အရေးများကို အတတ်နိုင်ဆုံး ကာကွယ်ပေးရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာအာဏာပိုင်များမှ ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ
တောင်းဆိုလိုက်သည်။
ရခိုင်တောင်သူလယ်သမားတို့မှာ လက်ရှိကာလ၌ စိုက်ပျိုးရေးစရိတ်ချေးငွေ အပြည့်အဝမရရှိကြခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှု မလုံလောက်ခြင်းတို့ကြောင့် ဆုံးရှုံးနစ်နာမှုများရှိသည့်အတွက် ယင်းသို့တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါသမဂ္ဂ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြက DMG သို့ပြောသည်။
“လက်ရှိစိန်ခေါ်မှုတွေကတော့ ရခိုင်က လယ်သမားတွေဟာ ဓာတ်မြေဩဇာတွေကို လိုသလောက်မကျွေးနိုင်ခြင်း၊ စိုက်ပျိုးရေးချေးငွေတွေကို ပြည့်ပြည့်ဝဝမရနိုင်တဲ့အတွက်ကြောင့် ကောင်းမွန်အောင် လယ်တွေကို သွင်းအားစုတွေကိုမထည့်နိုင်ခြင်း၊ ပိုးသတ်ဆေးတွေကို လုံလုံလောက်လောက်မသုံးနိုင်ခြင်း အခက်အခဲတွေကြောင့် ဒီနှစ်ရာသီမှာ အများကြီးဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံတွေ့ရတယ်”ဟု ဦးအောင်ကျော်မြကဆိုသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ဒုတိယအကြိမ်ညီလာခံကို (မတ်လ ၂၈ ရက်မှ ၃၀ ရက်နေ့)အထိ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာတွင်ကျင်းပခဲ့ပြီး လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးရေး၊ မြေယာနှင့်ဥပဒေထောက်အကူပြုရေး၊ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် ရခိုင်လယ်သမားအနေဖြင့် စားကျက်မြေရှားပါးလာမှု၊ လုပ်သားရှားပါးမှုတို့ကြောင့် ကျွဲ၊နွားမမွေးတော့ဘဲ ထွန်စက်များကိုအသုံးပြုနေရသည့်အတွက် အရင်းအနှီးကြီးမားခြင်း၊ သွင်းကုန်များဈေးမြင့်တက်မှုတို့ကြောင့် ပိုပြီးအခက်တွေ့နေရသည်ဟုလည်း ဦးအောင်ကျော်မြက ဆက်ပြောသည်။
“စက်နဲ့ ာထွန်တဲ့ လယ်သမားတွေက ၈၀ ရာခိုင်နှုန်းလောက် ဖြစ်သွားတဲ့အတွက်ကြောင့် ဒီဇယ်ဆီဈေးတွေကလည်း တအားတက်လာတယ်။ အရင် ၁ သိန်းကျော်နဲ့ထွန်နေရပေမယ့် အခုတော့ ဆီ ၁ ပီပါကို ၅ သိန်းကျော်ဖြစ်လာတယ်။ ဓာတ်မြေဩဇာဈေးတွေကလည်း အရင် ၃ သိန်းကျော်လောက်ရှိရာကနေ အခုတော့ ၈ သိန်းကျော်အထိကို တက်လာတယ်”ဟုလည်း ဦးအောင်ကျော်မြက ရှင်းပြသည်။
ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂအနေဖြင့် လယ်ယာမြေမှုခင်းများအပြင် လယ်သမားတို့၏အခက်အခဲတို့ကို သက်ဆိုင်ရာနှင့်ညှိနှိုင်းကာ လုပ်ဆောင်ပေးရန်အတွက် ရခိုင်တောင်သူတို့က မျှော်လင့်နေကြသည်။
မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာမှ တောင်သူတစ်ဦးဖြစ်သူ ဦးစိုးနိုင်က “အခုဆိုရင် များသောအားဖြင့် လယ်ယာမြေမှုခင်းတွေ၊ အစိုးရသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကိုလည်း မှန်မှန်ကန်ကန်ဖြေရှင်းမယ်ဆိုပြီး အထောက်အကူပြုအဖွဲ့ ဖွဲ့တာကိုတော့ အားရပါတယ်။ နောက်ပြီးတော့ လယ်သမားတို့ရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ စိုက်ပျိုးစရိတ်အခက်အခဲ၊ ကုန်ဈေးနှုန်းတွေ၊ စိုက်ပျိုးရေး စရိတ်သွင်းအားစုတွေမြင့်တက်နေတာကိုလည်း တတ်နိုင်သမျှ နိုင်ငံတကာအဖွဲ့တွေနဲ့ဖြစ်ဖြစ်၊ အစိုးရအဖွဲ့နဲ့ဖြစ်ဖြစ် ညှိနှိုင်းပြီး လျှော့ချနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်”ဟု DMG ကိုပြောသည်။
လက်ရှိတွင် ဓာတ်မြေသြဇာဈေးနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ဈေးတက်နေမှုကြောင့် ရခိုင်မှလယ်သမားများအတွက် ဓာတ်မြေသြဇာဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် စစ်တွေတက္ကသိုလ်မှ ဓာတုဗေဒပညာရှင်များဖြင့် ပြည်နယ်စိုက်ပျိုးရေးတာဝန်ရှိသူတို့ဆွေးနွေးပြီး ဓာတ်မြေသြဇာထုတ်လုပ်ပေးနိုင်ရေးကို ပြည်နယ်စစ်ကောင်စီမှ စီစဉ်နေကြောင်းသိရသည်။
ပြည်နယ်စစ်ကောင်စီ၏ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က “လာမယ့်နှစ်မှာ ဓာတ်မြေသြဇာဈေးတက်လို့ လယ်သမားတွေ လက်လှမ်းမမှီရင် စိုက်ပျိုးရေးမှာအခက်တွေ့မယ်။ ဒီတော့ ကိုယ်က သဘာဝဓာတ်မြေသြဇာတွေထုတ်ဖို့ ပြီးခဲ့တဲ့သုံးလေးပတ်လောက်ကတည်းက စစ်တွေတက္ကသိုလ် Chemistry ဌာနက ပါမောက္ခ ဒေါက်တာဒေါ်ခင်သက်ကျော်၊ ပြည်နယ်စိုက်ပျိုးရေးက တာဝန်သူတွေနဲ့ အစည်းဝေးလုပ်ခဲ့တယ်။ ဒီကိကိစ္စကို ပရောဂျက်တစ်ခုဆွဲနေတယ်။ လက်ရှိမန္တလေးတိုင်းမှာလည်း သဘာဝဓာတ်မြေသြဇာကို သုံးနေတယ်။ အဲဒီက ရတနာပုံတက္ကသိုလ်က ပါမောက္ခကိုဖိတ်ပြီးတော့ လုပ်သွားဖို့လည်းရှိတယ်”ဟု DMG ကို ပြောသည်။
ရခိုင်ပြည်သူအများစုမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး လက်ရှိတွင် လယ်သမားများမှာ နှစ်စဉ်အကျပ်အတည်းများဖြင့် ရုန်းကန်နေကြရသည်။