- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့်တွေ့ခွင့်ရရေး မိသားစုတောင်းဆို
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အဂတိလိုက်စားမှုတို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး လက်ရှိတွင်လည်း တခြားပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် တွေ့ခွင့်ရရှိရေးအတွက် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
07 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၇
နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ အဂတိလိုက်စားမှုတို့ဖြင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရပြီး လက်ရှိတွင်လည်း တခြားပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် တွေ့ခွင့်ရရှိရေးအတွက် မိသားစုဝင်များက တောင်းဆိုလိုက်သည်။
“သွားတွေ့ခွင့် ရမလားတော့မပြောတတ်သေးဘူး။ တောင်းဆိုကြည့်မယ်လို့တော့ လုပ်ထားတုန်းပဲပေါ့။ သူတို့ခွင့်ပြုမလား၊ မပြုဘူးလားတော့ မပြောတတ်သေးဘူး။ အခုအချိန်ထိတော့ ဘယ်အချိန်မှ မတွေ့ရသေးဘူး။ အသက်ကကြီးနေပြီဆိုတော့ ကျန်းမာရေးကိုတော့ အဓိကစိုးရိမ်တယ်”ဟု ဦးညီပု၏ သမီး မကြည်ကြည်ဦးက DMG သို့ပြောသည်။
ဦးညီပုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နှစ်ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့သည်။ ယင်းကာလတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးကိစ္စများပါဝင်သည့် ရုပ်သံဖိုင်တစ်ခုကို ၎င်း၏လူမှုကွန်ရက်ပေါ်တွင်ထုတ်လွှင့်ခဲ့ရာမှ ဖမ်းဆီးတရားစွဲဆိုမှုကို ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရပြီး အဂတိလိုက်စားမှုပုဒ်မသုံးခုဖြင့်လည်း ထောင်ဒဏ်(၉)နှစ် ချမှတ်ခံထားရသည်။
ထို့ပြင် ဦးညီပုကို ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်နှင့်အတူ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မများဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ-၁၃၀(က)ဖြင့်လည်း တရားစွဲဆိုထားသည်။ ဦးမင်းအောင်ကိုမူ ယင်းပုဒ်မအပြင် ရာဇာသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့် ထပ်တိုးစွဲထားသည်။
ယနေ့တွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်ပြီး စစ်တွေအကျဉ်းထောင်ရှိ အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုဖြစ်သည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်ကို စစ်ဆေးခဲ့သည်။
“တရားလိုကို ဒီနေ့စစ်ဆေးပါတယ်။ တရားလိုကို တစ်ဖက်က ဥပဒေအရာရှိက ထွက်ဆိုချက်တွေမှတ်တမ်းတင်ပြီး စစ်ဆေးတယ်။ စစ်တဲ့နေရာကတော့ ထောင်ဧရိယာထဲမှာရှိတဲ့ အရင်က အဂတိအမှုကိုစစ်တဲ့နေရာ။ အဲဒီတရားခွင်၊ အထူးတရားရုံးမှာပါပဲ”ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဦးဝင်းအောင်က ပြောသည်။
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
ယင်းသို့ချမှတ်ရာတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်စီ ချမှတ်ခဲ့သည်။
ထို့ပြင် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်ကို အလုပ်နှင့်ထောင်ဒဏ် ရ နှစ်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။