လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ရေခဲလုပ်ငန်းလုပ်ကိုင်သူများ အခက်ကြုံ

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးနေ့စဉ် ပြတ်တောက်မှုဖြစ်နေသည့်အတွက် စစ်တွေမြို့ရှိ ရေခဲလုပ်ငန်းလုပ်ကိုင်သူများမှာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

20 Mar 2022

DMG ၊ မတ် ၂၀

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးနေ့စဉ် ပြတ်တောက်မှုဖြစ်နေသည့်အတွက် စစ်တွေမြို့ရှိ ရေခဲလုပ်ငန်းလုပ်ကိုင်သူများမှာ အခက်အခဲနှင့်ကြုံတွေ့နေရကြောင်း သိရသည်။

လျှပ်စစ်မီး ရုတ်တရက်ပျက်သွားချိန်တွင် လုပ်နေဆဲရေခဲများမှာ အရည်ပျော်ကျပြီး အရည်အသွေးမပြည့်မီဖြစ်တတ်သည့်အတွက် ယခုအချိန်တွင် မီးစက်များနှိုးကာလုပ်ငန်းလည်ပတ်နေရပြီး ဓာတ်ဆီဈေးနှုန်းများ မြင့်တက်နေမှုကြောင့်လည်း အခက်အခဲများစွာဖြစ်နေရသည်ဟု လုပ်ငန်းရှင်များကဆိုသည်။

“မီးပျက်ရင်တော့ မီးစက်တွေနဲ့လည်ပတ်တယ်။ ဒီဇယ်ဈေးနှုန်းတက်ရင်တော့ ရေခဲဈေးကို နည်းနည်းလေးတော့တင်ရတာပေါ့။ ဆီဈေးတက်တော့ ငါးဖမ်းစက်လှေတွေ မထွက်ကြဘူးလေ။ ငါးတွေ၊ ပုဇွန်တွေ သိပ်မရတော့ ရေခဲလည်းဝယ်သူနည်းတယ်။ ကျနော်တို့က ရေကိုသေချာသန့်စင်ပြီးမှ ရေခဲလုပ်တော့ ပုံမှန်ရေခဲဝယ်သူတွေတော့ရှိတယ်။ အမြတ်နည်းပါတယ်”ဟု စစ်တွေမြို့၊ ရွှေငါးရေခဲစက်ရုံပိုင်ရှင် ဦးဝင်းဇော်က DMG ကိုပြောသည်။

ရေခဲစက်ရုံတို့မှ ရေခဲများကို ငါးဖမ်းစက်လှေများထံသို့ အများအပြားရောင်းချရပြီး လက်ရှိတွင် ဆီဈေးတက်မှုကြောင့် တချို့ငါးဖမ်းလှေများမှာ အလုပ်ရပ်နားကြသဖြင့် ရေခဲရောင်းအားကျဆင်းနေကြောင်း သိရသည်။

ယခုအခါ ရေခဲအလေးချိန် ပေါင် ၃၀၀ တစ်တုံးကို မြန်မာငွေ ငါးထောင်ကျပ်ရှိပြီး စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများမြင့်တက်မှု ကြောင့် လုပ်ငန်းအရှုံးပေါ်သူများရှိနေကြောင်းလည်း သိရသည်။

ထိုသို့လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အခက်အခဲများစွာရှိနေသော်လည်း လုပ်ငန်းကိုရပ်တန့်ထား၍မရသည့်အတွက် ဖြစ်သလို လည်ပတ်နေရသည်ဟု စစ်တွေမြို့မှ ရေခဲစက်လုပ်ငန်းရှင် မဥမ္မာစန်းက DMG သို့ပြောသည်။

“မီးကလည်းမရ၊ ရေခဲဒိုင်ကလည်း ရပ်ထားလို့မရဘူးလေ။ ရပ်ထားရင် ရေခဲတွေပျော်သွားပြီး အရည်အသွေးမပြည့်ဖြစ်သွားမှာဆိုတော့ မီးစက်နဲ့လုပ်ငန်းလည်ပတ်နေရတယ်။ ဆီဈေးတွေလည်းတက်တော့ အဆင်မပြေဘူး”ဟု မဥမ္မာစန်းကပြောသည်။

ထို့အတူ ရေခဲများပုံမှန်ရောင်းချနေရသော်လည်း ကုန်ဈေးနှုန်းများမြင့်တက်မှုကြောင့် ဝန်ထမ်းများကိုပေးရမည့် အခကြေးငွေမှာလည်း အဆင်အပြေမှုတချို့ရှိနေသည်ဟု သိရသည်။

စစ်တွေမြို့က အမည်မဖော်လိုသော ရေခဲစက်ရုံပိုင်ရှင်တစ်ဦးကလည်း “ဆီဈေးကလည်းတက်တယ်။ မီးကလည်း အချိန်မှန်မရတော့ အပြင်ကဆီဝယ်ပြီး စက်နှိုးလို့လုပ်ငန်းလည်ပတ်ရတယ်။ မီးပျက်လို့ရေခဲထုတ်လုပ်တာမှာ အချိန်ကြန်ြ့ကာသွားတာတွေလည်းရှိတယ်။ အရင်က မီးပုံမှန်လာတော့အဆင်ပြေတယ်။ အခုက ထုတ်လုပ်မှုနဲ့ ထုတ်ဖို့ဆီခတွေနဲ့ ဝန်ထမ်းစရိတ်တွေနဲ့ဆိုကွက်တိပဲ”ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးမှာ နေ့စဉ်ပြတ်တောက်မှုရှိနေပြီး တစ်နေ့ကိုအနည်းဆုံး ၃ ခါအထိ ပြတ်တောက်နေသလို တခါပြတ်လျှင်အနည်းဆုံး ၅ နာရီအချိန်ထိကြာမြင့်တတ်သည်။ ထို့အပြင် သက်ဆိုင်ရာမှသတ်မှတ်ထားသည့် လျှပ်စစ်မီးပြတ်တောက်မည့် အချိန်ဇယားမှာလည်း ပုံမှန်မရှိဘဲဖြစ်နေသည်ဟု လုပ်ငန်းရှင်များကဆိုကြသည်။