စစ်တွေမြို့က ရခိုင်တိုင်းရင်းသား ၁၅၇၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေး

စစ်တွေမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု (၉) ခုနှင့် တပ်ရင်း/တပ်ဖွဲ့ (၈) ခုမှ ရခိုင်တိုင်းရင်းသား ၁၅၇၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်ကို စရိတ်ငြိမ်းဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်အရ ယနေ့ နိုဝင်ဘာလ ၂၆ ရက် ဦးဥတ္တမခန်းမတွင် ထုတ်ပေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

26 Nov 2021

ဓါတ်ပုံ - ပြည်နယ်စစ်ကောင်စီ။

DMG ၊ နိုဝင်ဘာ ၂၆

စစ်တွေမြို့နယ် ရပ်ကွက်ကျေးရွာအုပ်စု (၉) ခုနှင့် တပ်ရင်း/တပ်ဖွဲ့ (၈) ခုမှ ရခိုင်တိုင်းရင်းသား ၁၅၇၈ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်ကို စရိတ်ငြိမ်းဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်အရ ယနေ့ နိုဝင်ဘာလ ၂၆ ရက် ဦးဥတ္တမခန်းမတွင် ထုတ်ပေးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီထံမှ သိရသည်။

ပုံမှန်ဆိုလျင် လ.ဝ.က ရုံးများတွင် ပါ့စ်ပို့ပုံနှင့်သွေးစစ်ဆေးချက်များကို မိမိတို့စရိတ်ဖြင့် အကုန်အကျခံကာ အချိန်တစ်ခုပေးပြီး ပြုလုပ်နေရသော်လည်း ယခု ပန်းခင်းစီမံချက်တွင် စရိတ်ငြိမ်းဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

“စစ်တွေမြို့နယ်တစ်ခုတည်းပဲ။ စစ်တွေမြို့နယ် လ.ဝ.က ဦးစီးမှူးရုံးက ထုတ်ပေးတာ။ အခြားမြို့နယ်တွေမပါဘူး။ စစ်တွေမြို့က ရခိုင်တိုင်းရင်းသားတွေကိုပဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ပန်းရောင်ကတ်ကို ထုတ်ပေးခဲ့တာ။ နိုင်ငံသားပြုတာတို့ပါတို့ မပါဘူးနော်။ မွတ်ဆလင်တွေနဲ့ မှားသွားမှာစိုးလို့။ အခြား တိုင်းရင်းသားမျိုးနွယ်စုတွေလည်း မပါဘူး။ ရခိုင်/ဗုဒ္ဓပဲ။ ငါတို့က ခဏတာပဲလေ အုပ်ချုပ်တာ။ မကြာခင်လုပ်မယ့် ရွေးကောက်ပွဲအတွက်ပေါ့။ မှတ်ပုံတင်ရှိမှ မဲပေးလို့ ရမှာပေါ့။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းကို ထုတ်ပေးခဲ့တာပါ။ ” ဟု ပြောသည်။

ယင်းကဲ့သို့ ထုတ်ပေးရာတွင် စရိတ်ငြိမ်းအပြင် ကျေးရွာ၊ ရပ်ကွက်များသို့ လ.ဝ.က ဝန်ထမ်းများနှင့် သွေးစစ်အဖွဲ့၊ အခြားဝန်ထမ်းတို့ ပူးပေါင်းပြီး ကိုယ်တိုင်ကွင်းဆင်း သွားရောက်ပြုလုပ်ပေးခဲ့ကြောင်း ဦးလှသိန်းက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီးမံချက်အရ တစ်နိုင်ငံလုံးတွင် နိုင်ငံသားအခွင့်အရေးကို ရရှိအောင်ဆောင်ရွက်ပေးခြင်းနှင့် အချက်လေးချက် စံဖြင့် ထုတ်ပေးနေကြောင်း အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ပြောသည်။

“နေထိုင်မှုပုံစံ လေးမျိုးနဲ့ ထုတ်ပေးပါတယ်။ လက်ရှိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စု စာရင်းရှိပေမယ့် မှတ်ပုံတင်မရှိသူ၊ လက်ရှိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုစာရင်းလည်းမရှိ မှတ်ပုံတင်လည်းမရှိသူ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မူလဒေသမှာ အိမ်ထောင်စု စာရင်းရှိပေမယ့် လက်ရှိဒေသမှာ မှတ်ပုံတင်မရှိသူတွေပေါ့၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် မူလဒေသမှာ အိမ်ထောင်စုစာရင်းမရှိတဲ့အပြင် လက်ရှိဒေသမှာလည်း အိမ်ထောင်စုစာရင်းလည်းမရှိ မှတ်ပုံတင်လည်းမရှိတဲ့သူတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခင်ပြည်ထောင်စုအစိုးရအဖွဲ့လက်ထက်တွင် ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွင်း မိုးပွင့်စီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၈.၄ သန်း၊ ဆက်လက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူပြီးနောက်ပိုင်း သစ္စာစီမံချက်အမည်ဖြင့် ၂၀၁၆ မှ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း ၆.၂ သန်း ထုတ်ပေးခဲ့ကြောင်း ယခု ပန်းခင်းစီမံချက်အမည်ဖြင့် လူဦးရေ ၃.၄ သန်းကို ထုတ်ပေးဖို့ စီစဉ်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နောက်လာမည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်မရှိလျှင် မဲထည့်ခွင်ရမည်မဟုတ်ကြောင်း၊ နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိရေးအတွက် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ထားရန် လိုအပ်ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့ နေပြည်တော်မှာ သတင်းမီဒီယာများနှင့်တွေ့ဆုံချိန် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပန်းခင်းစီမံချက်အရ ရခိုင်ပြည်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ဘယ်နှစ်ကတ်ထိ ပေးထားပြီးပြီလဲဆိုသည်ကို သိရှိနိုင်ရန် ရခိုင်ပြည်နယ် လ.ဝ.က ရုံးအား DMG မှ ဆက်သွယ်၍ မရရှိသေးပေ။