- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ပြင်းထန်နေသဖြင့် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားရန် ခက်ခဲလာ
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာမှုကြောင့် တိုက်ပွဲဧရိယာထဲတွင် နေထိုင်ကြသည့် ကျောင်းနေအရွယ်ကလေးများမှာ ပညာသင်ကြားရန် အခက်အခဲများရှိနေကြောင်း သိရသည်။
18 Nov 2022
DMG | နိုဝင်ဘာ ၁၈
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲ ပြင်းထန်လာမှုကြောင့် တိုက်ပွဲဧရိယာထဲတွင် နေထိုင်ကြသည့် ကျောင်းနေအရွယ်ကလေးများမှာ ပညာသင်ကြားရန် အခက်အခဲများရှိနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် တိုက်ပွဲဧရိယာအတွင်းက ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားကြရသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မြန်မာစစ်တပ်မှ လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုများ၊ လေကြောင်း ပစ်ခတ်မှုများနှင့် စစ်ကြောင်းဝင်ရောက်မှုတို့ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဆင်အင်းကြီး၊ ပဒေသာ၊ ယာချောင်း၊ အလယ်ကျွန်း၊ တန်းခိုး၊ ရေပေါက်ချောင်း၊ ကျော်ဇံ၊ ကျွဲထိုး စသည့်ကျေးရွာများမှ ဒေသခံငါးထောင်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ကျွဲထိုးကျေးရွာမှ ကျောင်းသားမိဘတစ်ဦးက “ဆရာ၊ ဆရာမတွေလည်း ထွက်ပြေးသွားကြတာ ပြန်မရောက်သေးဘူး။ ကလေးတွေလည်း စာမသင်ရဘူးဖြစ်နေတယ်။ ဘယ်အချိန်ထိ ကျောင်းပိတ်ထားမလဲဆိုတာလဲ မပြောတတ်သေးဘူး။ ရွာသားတချို့တဝက်ကတော့ ရွာကိုပြန်ရောက်နေကြပြီ၊ တချို့ကတော့ ပြန်မလာကြသေးဘူး။ အကုန်လုံးကတော့ စိုးရိမ်စိတ်နဲ့ နေကြရတာပါပဲ”ဟု ပြောသည်။
ထိုသို့ ဒေသမတည်ငြိမ်မှုများကြောင့် ကျေးရွာသားများနှင့်အတူ ဆရာ၊ ဆရာမများမှာလည်း အဆိုပါကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စာသင်ကျောင်းများကိုလည်း ပိတ်ထားကြရသည်။
အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြိန်းတော၊ ရက်ခုန်တိုင်၊ သမီးလှ၊ ရေမျက်၊ ကုလားချောင်း၊ ညောင်ပင်လှ၊ ဗောဓိကုန်း စသည့်ကျေးရွာ(၁၀)ခန့်မှ ဒေသခံအများစုမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် စာသင်ကျောင်းများကိုလည်း ပိတ်ထားရသည်မှာ သုံးလခန့်ရှိနေပြီဖြစ်သည်။
ပြိန်းတောကျေးရွာမှ ဒေသခံတစ်ဦးက “လက်နက်ကြီးတွေနဲပစ်တော့ ကျောင်းသားမိဘတွေလည်း မနေရဲတော့ဘူး။ ကျောင်းသူတစ်ယောက်လည်း လက်နက်ကြီးကျလို့ သေဆုံးသွားတယ်။ ဆရာ/မတွေကလည်း ကြောက်လန့်လို့ထွက်ပြေး။ ရွာသားတွေက အကုန်လုံလည်းထွက်ပြေး။ ရွာမှာလည်း ဆရာ/မတွေနဲ့ ကျောင်းသားတွေလည်း မရှိဘူး။ ဆိုတော့ ကျောင်းတွေ ပိတ်ထားရတာပေါ့”ဟု ပြောသည်။
ပြိန်းတောကျေးရွာမှ အသက် ၁၃ နှစ်အရွယ် သတ္တမတန်းကျောင်းသူတစ်ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့က နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီးကျည်ကျရောက်လာသဖြင့် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
တကျော့ပြန်တိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ ဂျက်တိုက်လေယာဉ်များ အသုံးပြုကာ တိုက်ခိုက်မှုများရှိနေသည့်အပြင် ရခိုင်ပြည်အတွင်းရှိ စစ်တပ်စခန်း နေရာ ၁၇ ခုခန့်မှ လက်နက်ကြီးများဖြင့် ပစ်ကူတိုက်ခိုက်မှုများရှိသည်ဟု ရက္ခိုင့်တပ်တော်(AA)က အောက်တိုဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားမှုအပြင် လမ်းများကိုလည်းပိတ်ထားသောကြောင့် မင်းပြားမြို့နယ်အတွင်းက ဖလောင်းပြင်၊ ရေငံဆည်၊ ချောင်းဝ၊ ချောင်းဖျား၊ နန်းချောင်၊ ကန်ချောင်၊ ကျားပိုက်ကေ စသည့်ကျေးရွာများမှ စာသင်ကျောင်းများအပါအဝင် စာသင်ကျောင်းပေါင်း ၂၀ ခန့်ကို ပိတ်ထားရသည်မှာ တစ်လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“ကြပ်စင်တံတား လမ်းကလုံးဝမဖွင့်ဘဲပိတ်ထားတယ်။ အခုက တခြားခရီးသည်တွေရော ဆရာ/မတွေလည်း မသွားရဆိုပြီး လမ်းပိတ်ထားတာဖြစ်တယ်။ လမ်းဖွင့်မှ သွားရမယ့်အခြေအနေဖြစ်နေတယ်။ အခုက လမ်းပိတ်ထားလို့ သွားလို့လည်းအဆင်မပြေဘူး”ဟု ၎င်းဒေသတွင်တာဝန်ကျနေသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။
လတ်တလောတွင် ရခိုင်ပြည်အတွင်းက မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တောနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့မှ စာသင်ကျောင်းစုစုပေါင်း (၆၀)ခန့်မှာ ယာယီပိတ်ထားရသည်ဟု ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
ရခိုင်တွင်ဖြစ်ပွားနေသည့် တကျော့ပြန်တိုက်ပွဲအတွင်း စာသင်ကျောင်းများပိတ်ထားရကြောင်း သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများမှ တင်ပြလာခြင်းမရှိသေးဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
“စာသင်ကျောင်းတွေ ပိတ်ထားတာ မရှိဘူး။ မြို့နယ်ပညာရေးမှူးရုံးတွေက တင်ပြလာတာမရှိဘူး။ သူတို့က ဒေသအခြေအနေအရ ကြည့်ပြီးလုပ်နေကြတာဖြစ်မယ်”ဟု ဦးဘထွီးစိန်ကဆိုသည်။
မောင်တောမြို့နယ်အတွင်းတွင် တိုက်ပွဲကြောင့် အခြေခံစာသင်ကျောင်း ၅ ကျောင်းခန့်ကို ယာယီပိတ်ထားရပြီး စစ်ဘေးရှောင် ကျောင်းသူ၊ကျောင်းသားများကို မောင်တောမြို့က ပရဟိတဘုန်းတော်ကြီးကျောင်းများတွင် ပညာဆက်လက်သင်ကြားနိုင်ရန် စီစဉ်ပေးထားသည်ဟု မောင်တောမြို့နယ်ပညာရေးမှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လက်ရှိမှာတော့ ပိတ်ထားတာက ၄ ၊ ၅ ကျောင်းပဲကျန်တော့တာပါ။ ကျန်တာတွေက ပြန်ဖွင့်ထားပါတယ်။ သူတို့ကို တခြားကျောင်းတွေမှာ လွှဲပြီးသင်နေတာရှိတယ်။ မြို့ပေါ်ရောက်တဲ့ ကလေးတွေဆို မြို့ပေါ်ကျောင်းတွေ ၊ အဲဒီကျောင်းက ဆရာတွေနဲ့ ထ၂ တို့မှာဆို အဲ့လိုသင်ကြားတာတွေရှိတယ်။ လေးမိုင်ကျောင်းတို့၊ အ.ထ.က (လေး)မိုင်တို့မှာ သူတို့ရောက်နေတဲ့ရွာတွေမှာ သူတို့ပညာရေးသင်ကြားလို့ရအောင် ဆောင်ရွက်ပေးထားတာရှိပါတယ်” ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းစုစုပေါင်း သုံးထောင်ကျော်ရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏စာရင်းအရ သိရသည်။