- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
AA အတွက် ရန်ပုံငွေကောက်ခံသည်ဟု စွပ်စွဲခံထားရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအမှုတွင် လိုပြသက်သေ ၅ ဦးကိုစစ်ဆေးပြီးစီး
ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့အမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၅ ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း မိသားစုထံမှသိရသည်။
20 Aug 2022
DMG ၊ သြဂုတ် ၂၀
ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့အမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၅ ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း မိသားစုထံမှသိရသည်။
အဆိုပါအမှုတွင် တရားလိုသက်သေ ၁၀ ဦးရှိပြီး ယခင်က ၂ ဦးနှင့် သြဂုတ်လ ၁၈ ရက်နေ့ရုံးချိန်းတွင် ၃ ဦးကို စစ်ဆေးခဲ့ကြောင်းသိရသည်။ ကျန်လိုပြသက်သေများကို စစ်ဆေးရန် စက်တင်ဘာ ၁ ရက်နေ့သို့ ထပ်မံရုံးချိန်းထားသည်။
တရားစွဲဆိုခံထားရသည့် ဦးသန်းလှိုင်၏ ဇနီး မချိုချိုသိန်းက “အဲဒီနေ့ကရုံးချိန်းမှာ တရားလိုပြသက်သေ ၃ ယောက်ကိုစစ်ဆေးတယ်။ တရားလိုပြသက်သေ ၅ ယောက်ကို စစ်ဆေးပြီးပြီ”ဟု ပြောသည်။
လိုပြသက်သေများကိုစစ်ဆေးရာတွင် စွဲထားသည့်အမှုနှင့် ၎င်းတို့၏ထွက်ဆိုချက်မှာ ကိုက်ညီမှုမရှိဖြစ်နေသည်ဟု တရားစွဲဆိုခံထားရသည့် ဒေါ်ခင်အုန်းနွဲ့၏ ခင်ပွန်း ဦးမြအောင်ဇံကပြောသည်။
“လိုပြသက်သေတွေကိုစစ်ဆေးတဲ့အခါ သူတို့ထွက်ဆိုတာက လုံခြုံရေးအရလိုက်လာတာ။ ကျန်တဲ့ကိစ္စတွေ မသိဘူးပြောတယ်။ စွဲထားတဲ့ ၅၀၅(က)ပုဒ်မနဲ့ လုံးဝကိုက်ညီမှုမရှိဘူး။ ခိုင်လုံမှုမရှိဘူး”ဟု ဦးမြအောင်ဇံကဆိုသည်။
၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်တွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ စစ်သားများကဖမ်းဆီးခဲ့သည်။ ယင်းနောက် အဆိုပါတပ်ရင်းမှ ဗိုလ်ရဲသက်ဇော်က တရားလိုပြုလုပ်ကာ ပုဒ်မ ၅၀၅(က)ဖြင့် ကျောက်ဖြူမြို့နယ်တရားရုံးတွင် တရားစွဲထားခြင်းဖြစ်သည်။
ဖမ်းဆီးတရားစွဲဆိုခံထားရသူနှစ်ဦးကို မိသားစုမှတွေ့ခွင့်ရရှိသော်လည်း ဒေါ်ခင်အုန်းနွဲ့မှာ ပန်းနာရင်ကျပ်ရောဂါရှိသဖြင့် စိုးရိမ်ကြောင်း ဦးမြအောင်ဇံကဆက်ပြောသည်။
အလားတူ စနဲမြို့၊ စံပယ်ချောင်းကျေးရွာမှ ကိုတင်မျိုးထွန်းကိုလည်း ပြီးခဲ့သည့်ဇူလိုင်လ ၂၄ ရက်နေ့တွင် မြန်မာစစ်တပ်ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုထားသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် AA တို့ကြား စစ်ရေးတင်းမာမှုနှင့်အတူ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုများ ရှိနေပြီး စစ်ကောင်စီက ကားလမ်းအချို့ကို သွားလာခွင့်ပိတ်ထားသည်။