- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လက်နက်ကြီး ပစ်ခတ်မှုများကြောင့် မင်းပြားမြို့နယ်မှ စာသင်ကျောင်းအချို့ ပိတ်ထားရ
မင်းပြားမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာမတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားသည့်ဖြစ်စဉ်နောက်ပိုင်းတွင် ဒေသခံများနှင့် ပညာရေးဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်သွားကြသဖြင့် ကျေးရွာ ၄ ရွာမှ စာသင်ကျောင်းများကို ပိတ်ထားလိုက်ရသည်။
18 Oct 2022
မြန်မာစစ်တပ်မှ တပ်စွဲကာ လက်နက်ကြီးပစ်ခတ်မှုများရှိသည့် မင်းပြားမြို့ပေါ်မှ ကျိန်းတောင်ဘုရားအား တွေ့ရစဉ်။
DMG ၊ အောက်တိုဘာ ၁၈
ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာတချို့သို့ ယမန်နေ့(အောက်တိုဘာလ ၁၇ ရက်နေ့)က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် မူလတန်းပြဆရာမတစ်ဦးအပါအဝင် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့ပြီးနောက် စာသင်ကျောင်းအချို့ကို ပိတ်ထားရသည်ဟု ရွာသားများကပြောသည်။
ဖလောင်းပြင်ရွာ၊ ဆင်ကြီးပြင်ရွာ၊ ဘူးပြင်ရွာနှင့် ငတန်ပျင်းရွာတို့မှ စာသင်ကျောင်းများကို ပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ခြေ (၄၀၀)ကျော်ရှိသည့် ဖလောင်းပြင်ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး စာသင်ကျောင်းကိုလည်း ပိတ်ထားခဲ့ကြောင်း ဖလောင်းပြင်ကျေးရွာသားတစ်ဦးက DMG သို့ ပြောသည်။
“အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ရွာတစ်ရွာမှာ ကျနော်တို့ တစ်ယောက်စ၊ နှစ်ယောက်စပဲ အစောင့်ကျန်နေခဲ့တာ။ မနေ့က ပြဿနာဖြစ်ကတည်းက ထွက်ပြေးသွားကြတယ်။ ဒီနေ့လည်း ထပ်ပြေးသွားကြတာရှိတယ်။ အများအားဖြင့် မြို့ပေါ်တွေကို ရောက်သွားကြတယ်။ ရွာက အ.ထ.က(ခွဲ)ကျောင်းဆိုလည်း ပိတ်ထားရတယ်။ ဆရာ၊ဆရာမတွေလည်း မရှိကြတော့ပါဘူး”ဟု ၎င်းကျေးရွာသားက ဆိုသည်။
အလားတူ ဆင်ကြီးပြင်ကျေးရွာတွင်လည်း ရွာ၌တာဝန်ကျနေသည့် ဆရာ၊ဆရာမများမှာ မိမိနေရပ်သို့ ရှောင်ပြေးသွားကြပြီး မြို့ပေါ်မှလာသည့် ဆရာ၊ဆရာမများမှာလည်း မရောက်ကြတော့ကြောင်း သိရသည်။
ဆင်ကြီးပြင်ရွာမှ အထက်တန်းကျောင်းသူတစ်ဦး၏ ဖခင်က “ဒီရွာမှာက ရွာမှာနေတဲ့ ဆရာ၊ဆရာမတွေထက် မြို့နဲ့နီးတော့ မြို့ပေါ်က နေ့ချင်းပြန်လာပြတဲ့ ဆရာ၊ဆရာမတွေက ပိုများတယ်။ မနေ့ကပြဿနာဖြစ်ပြီး နောက်ပိုင်းတော့ ဆရာ၊ဆရာမတွေ ဘယ်သူမှ မရှိကြတော့ပါဘူး။ ရွာကပြေးသွားတဲ့ သူတချို့တော့ ပြန်ရောက်ကြပေမဲ့ ဆရာ၊ဆရာမတွေက ကြောက်ပြီး မလာကြဘူးထင်ပါတယ်”ဟု ဆိုသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က မင်းပြားမြို့ပေါ်တပ်ရင်းများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ ထောင့်ရှောင်းကြီးရွာ၌ တာဝန်ကျနေသည့် မူလတန်းပြဆရာမတစ်ဦးမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ ရွာသားများကပြောသည်။
ထိုအဖြစ်အပျက်မှာ တိုက်ပွဲဧရိယာအတွင်း၌ တာဝန်ကျနေသည့် ပညာရေး ဝန်ထမ်းများအတွက် အလွန်တရာ စိုးရိမ်ထိတ်လန့်မှုကိုဖြစ်စေကြောင်း မင်းပြားမြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။
“မနေ့ကသေသွားတဲ့ ဆရာမဆိုရင် တိုက်ပွဲဧရိယာထဲကို ကျောင်းပြဖို့သွားရင်း သေသွားရတာ။ ဒါက ကျနော်တို့ ပညာရေးဝန်ထမ်းတွေအတွက် အရမ်းကို ကြောက်လန့်သွားစေတယ်။ အခုချိန်မျိုးမှာ အဲဒီဖက်ကို ဆရာ၊ဆရာမတွေ သွားရဲကြမှာ မဟုတ်သေးဘူး။ နောက်တစ်ခုက ကျောင်းသားတွေကလည်း စစ်ဘေးရှောင် နေရတဲ့အနေအထားဆိုတော့ ကျောင်းတွေက ပိတ်ထားရတာရှိတယ်။ ရွာသားတွေ အသက်အန္တရာယ် စိုးရိမ်သလိုမျိုး ဆရာ၊ဆရာမတွေလည်း စိုးရိမ်ပါတယ်”ဟု အဆိုပါကျောင်းဆရာက DMG သို့ပြောသည်။
၎င်းကဆက်၍ “အခုလို မတည်ငြိမ်တဲ့ကာလတွေမှာ အထက်က မဖြစ်မနေသွားရမယ်ဆိုပြီး ညွှန်ကြားလာမယ် ဆိုရင်တောင် ကျနော်မသွားရဲဘူး။ ပညာရေးမှူးအနေနဲ့လည်း တိုက်ပွဲဧရိယာထဲက ဆရာ၊ဆရာမတွေရဲ့ အခြေအနေကို နားလည်ပေးစေချင်ပါတယ်”ဟု ဆိုသည်။
ဒေသတည်ငြိမ်မှုမရှိသောကြောင့် ကျောင်းပိတ်ထားရမည်ဆိုပါက မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် တင်ပြလာပါက အခြေခံပညာရေးဦးစီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။
“သူတို့ဘာသာသူတို့ နားလည်မှုနဲ့ ကျောင်းတွေကို ယာယီပိတ်ထားတာတွေတော့ ရှိမှာပေါ့လေ။ ဒေသမတည်ငြိမ်တဲ့အချိန်မှာ ပိတ်ထားမယ်။ တည်ငြိမ်တဲ့အနေအထားရောက်ရင် ပြန်တက်မယ်ဆိုတဲ့ ပုံစံမျိုးတော့ရှိမှာပေါ့။ တကယ်လို့ မြို့နယ်ပညာရေးမှူးနဲ့ အာဏာပိုင်တွေက ဒီနေရာတွေက တိုက်ပွဲဧရိယာဖြစ်နေတဲ့အတွက် ကျောင်းတက်ဖို့အဆင်မပြေဘူးဆိုပြီး တင်ပြလာရင်တော့ ကျနော်တို့က အခြေခံပညာရေးဦးစီးဌာနကို တင်ပြပြီးတော့ လမ်းညွှန်မှုခံယူရမှာပေါ့။ အခုတော့ ကျနော်တို့ဖက်က ညွှန်ကြားထားတာ ဘာမှမရှိသေးပါဘူး”ဟု ၎င်းက DMG သို့ပြောသည်။
ယမန်နေ့ (အောက်တိုဘာလ ၁၇ ရက်)က မင်းပြားမြို့နယ်၊ င/တန်ပျင်းတံတားအနီးတွင် သွားလာနေသည့် မြန်မာစစ်တပ်၏ စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ယင်းနောက် မင်းပြားမြို့ပေါ်ရှိ မြန်မာစစ်တပ် တပ်ရင်းများမှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့ရာတွင် ပတ်ဝန်းကျင်ကျေးရွာများသို့ကျရောက်ပြီး ဖလောင်းပြင်ကျေးရွာမှ အမျိုးသမီး(၂)ဦးနှင့် မင်းပြားမြို့မှ ထောင့်ရှောင်းကြီးကျေးရွာ၌ တာဝန်ကျနေသည့် မူလတန်းပြဆရာမတစ်ဦးတို့ သေဆုံးသွားခဲ့ပြီး ဒေသခံ ၆ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ ပလက်ဝ စသည့်မြို့နယ်များရှိ စာသင်ကျောင်းအချို့မှာလည်း ပိတ်ထားရသည်။