လောကာနန္ဒာစေတီဝင်းအတွင်း LED မီးအလှပြပွဲပြုလုပ်(သတင်းတို)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကာနန္ဒာစေတီဝင်းအတွင်း၌ ယနေ့(ဒီဇင်ဘာလ ၂၄ ရက်)တွင် LED မီးအလှပြပွဲကို ပထမဆုံးအကြိမ်ပြုလုပ်လျက်ရှိပြီး အဆိုပါပွဲကို ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲတာဝန်ရှိသူထံမှသိရသည်။

24 Dec 2021

DMG ၊ ဒီဇင်ဘာ၂၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ လောကာနန္ဒာစေတီဝင်းအတွင်း၌ ယနေ့(ဒီဇင်ဘာလ ၂၄ ရက်)တွင် LED မီးအလှပြပွဲကို ပထမဆုံးအကြိမ်ပြုလုပ်လျက်ရှိပြီး အဆိုပါပွဲကို ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲတာဝန်ရှိသူထံမှသိရသည်။

အဆိုပါ LED မီးအလှပြပွဲတာဝန်ခံ ဦးထင်လင်းဦးက “ကိုဗစ်ကြောင့် လူတွေအဆင်မပြေကြဘူး၊ ကျွန်တော်တို့လည်း တစ်နှစ်ခွဲ၊ နှစ်နှစ်လောက် မီးပြပွဲလုပ်တာရပ်နားထားရတယ်။ ကိုဗစ်မဖြစ်ခင်တုန်းကဆို နယ်လှည့်ပြီး ဘုရားပွဲတွေ၊ နေ့ထူးနေ့မြတ်တွေမှာ မီးအလှပြပွဲတွေ တော်တော်များများလုပ်ခဲ့ရတယ်။ ကိုဗစ်နည်းနည်းငြိမ်နေတာကြောင့် ကိုဗစ်စည်းကမ်းနဲ့အညီ စစ်တွေမှာပထမဆုံးအကြိမ်ကျင်းပတာဖြစ်တယ်”ဟု ပြောသည်။

စစ်တွေမြို့တွင် ယခုကဲ့သို့ မီးအလှပြပွဲပြုလုပ်ပေးရန်လိုအပ်သည်ဟု ပွဲ‌လာရောက်သည့် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

“ဒီလိုပွဲတွေလုပ်ပေးဖို့လိုအပ်တယ်။ တစ်ခြားပြည်မဖက်က ဒေသတွေမှာဆိုရင် ဒီလိုပွဲတွေလုပ်နေတာကြာပြီ” ဟု သူကပြောသည်။

ယင်းမီးအလှပြပွဲသို့ဝင်ရောက်ရန် လူဦးရေသတ်မှတ်ထားပြီး ပြပွဲအတွင်းသို့လူဦးရေ ၁၀၀ ခန့်သာဝင်၍ အဆိုပါ လူများပြန်ထွက်မှ ကျန်လူဦးရေ ၁၀၀ ကို ဝင်ခွင့်ပြုမည်ဖြစ်သည်။ မီးအလှပြပွဲ ဝင်ခွင့်လက်မှတ်တစ်စောင်ကို ငွေကျပ် ၂၀၀၀ သတ်မှတ်ထားကြောင်း ပွဲတာဝန်ရှိသူထံမှ သိရသည်။