ရခိုင်မှာ ပေါ့ဆမှုကြောင့် မီးလောင်မှုပိုဖြစ်ပွား၊ ၅ လအတွင်း ကျပ်သိန်း ၉၀၀ ကျော်ဆုံးရှုံး

ရခိုင်က မြို့နယ် ၁၇ ခုတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၉၃,၂၃၄,၇၀၀ ကျပ်ရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန စာရင်းများအရ သိရသည်။

09 Jun 2022

DMG ၊ ဇွန် ၉

ရခိုင်က မြို့နယ် ၁၇ ခုတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ၅ လတာအတွင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၉၃,၂၃၄,၇၀၀ ကျပ်ရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာန စာရင်းများအရ သိရသည်။

ထို ၅ လအတွင်း မီးလောင်မှုဖြစ်စဉ်စုစုပေါင်း ၅၀ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရခဲ့သူ ၅ ဦးအပါအဝင် ဒေသခံလူဦးရေ ၁၆၀၀ ကျော်မှာ မီးဘေးသင့်ခဲ့ရကာ လူနေအိမ်၊ ဆိုင်ခန်း၊ စက်ရုံ စသည့် အဆောက်အအုံတို့ ပါဝင်ခဲ့ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

“ ရခိုင်ပြည်က မီးလောင်မှုဖြစ်စဉ်တွေက မီးပေါ့ဆစွာသုံးစွဲမှုကြောင့် မီးလောင်မှုပိုဖြစ်တာများတယ်။ အဲဒီမီးလောင်တဲ့အထဲမှာ ကျောက်တော်က စစ်ဘေးရှောင်စခန်းလည်းပါတယ်။ ဒီနှစ်ထဲမှာဆိုရင် မီးလောင်မှုကြောင့် ကျပ်သိန်း ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ် ” ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထိုက်က DMG သို့ ပြောသည်။

ရခိုင်ပြည်အတွင်း မီးလောင်မှုဖြစ်စဉ်များမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ အလိုအလျှောက်မီး၊ လျှပ်စစ်မီး၊ ရှို့မီး၊ တောမီးတို့ကြောင့်ဖြစ်ပွားရပြီး ထိုအထဲတွင် မီးစကြွင်းကျန်မှတဆင့် လောင်ကျွမ်းခြင်းနှင့် ပေါ့ဆမီးတို့ကြောင့် မီးလောင်မှု အများဆုံးဖြစ်ပွားရကြောင်း မီးသတ်စာရင်းဇယားများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ကျောက်တော်မြို့နယ် မဟာမြတ်မုနိစစ်ဘေးရှောင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် ၄၃၂ ဆောင်ရှိသည့်အနက် ၂၆၂ ဆောင် မီးလောင်ဆုံးရှုံးခဲ့ပြီး လက်ရှိမှာ နေအိမ်များပြီးစီးအောင် မဆောက်လုပ်နိုင်သေးကြောင်း ယင်းစခန်းမှ ပြန်ကြားရေးတာဝန်ခံ ကိုသန်းအေးက DMG သို့ပြောသည်။

“ အိမ်ခြေ ၂၆၀ ကျော်မှာ ၂၀၀ လောက်တော့ ဆောက်လုပ်လို့ပြီးသွားပြီ။ ကျန်တဲ့အိမ်တွေကတော့ မပြီးသေးဘူး။ အလှူရှင်တွေကလည်း ရောက်တာနည်းသွားပြီ။ မီးလောင်ထဲမှာ ပါသွားတဲ့အိမ်တွေက လူဦးရေတွေကိုတော့ ဓမ္မာရုံမှာ ထားထားရတယ်။ အခက်အခဲတွေတော့ရှိတာပေါ့၊ မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ အိမ်တွေက လူဦးရေးကတော့ ၁၀၀၀ ကျော်ရှိပါတယ်” ဟု ကိုသန်းအေးက ဆိုသည်။

ထို့ကြောင့် ပြည်နယ်အတွင်း မီးလောင်မှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန် ပြည်နယ်မီးသတ်ဦးစီးဌာနက သက်ဆိုင်ရာ မြို့နယ်များတွင် မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကျေးရွာများတွင် ဟောပြောပွဲများဖြင့် အသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိ ၁၀ လအတွင်း ရခိုင်ပြည်အတွင်း မီးလောင်မှု ဖြစ်စဉ်စုစုပေါင်း ၄၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၇၅,၅၇၁,၀၀၀ ကျပ်ခန့်၊ သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇ ဦးရှိခဲ့ကာ ဒေသခံလူဦးရေ ၃၁၀၀ ကျော် မီးဘေးသင့်ခဲ့ရကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။