ကျောက်တော်မှ မိုင်းထိ လူနာဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံသို့ပို့ဆေးကုသခံနေရ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ရွက်မှိုင်း (ဝက်မှိုင်း) ကျေးရွာမှ မိုင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက် တော်ဆေးရုံ မှ စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ပြီး စစ်တွေ (ကျား) အရိုးကုသဆောင်တွင် အရေးပေါ်ဆေးကုသခံယူနေရသည်ဟု မိသားစုဝင်ထံမှသိရသည်။

02 Jul 2022

DMG ၊ ဇူလိုင် ၂

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ရွက်မှိုင်း (ဝက်မှိုင်း) ကျေးရွာမှ မိုင်းထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည့် အမျိုးသားမှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက် တော်ဆေးရုံ မှ စစ်တွေဆေးရုံသို့ပို့ဆောင်လိုက်ပြီး စစ်တွေ (ကျား) အရိုးကုသဆောင်တွင် အရေးပေါ်ဆေးကုသခံယူနေရသည်ဟု မိသားစုဝင်ထံမှသိရသည်။

အဆိုပါ အမျိုးသားမှာ အသက် (၄၀)ကျော်အရွယ် ဦး သန်းစိန်မောင်ဖြစ်ပြီး ကျေးရွာနှင့် တစ်မိုင်ကျော် ကွာဝေး သည့် လယ်ပြင် မြန်မာစစ်တပ် တပ်ရင်း ၂၇၅ အနီးမှာ နွားရှာသွားစဉ် မိုင်းထိမှန်ခဲ့ပြီး ညာဘက်ခြေထောက် ပြတ်ထွက်သွားကာ ကျန်ခြေတစ်ချောင်းကိုလည်း ဖြတ်ပစ်ရမည်ဟု ဆရာဝန်က ပြောဆိုကြောင်း မိသာစု ဝင်များထံမှ သိရသည်။

၎င်းတွင် ဒဏ်ရာပြင်းထန်သည့်အတွက် ယမန်နေ့ ညနေပိုင်းက စစ်တွေပြည်သူ့ဆေးရုံကြီးသို့အရေးပေါ် ပို့ ဆောင်လိုက်ရခြင်းဖြစ်ကြောင်း သားဖြစ်သူ ဦးကျော်သန်းက ပြောသည်။

“ခြေထောက်တစ် ချောင်းကတော့ မိုင်းထိကတည်းက ပြတ်ထွက်သွားပါတယ်။ ကျန်တဲ့ တစ်ချောင်း ကိုလည်း  ဖြတ်ပစ်ရမယ်လို့ ဆရာဝန်က ပြောထားပါတယ်။ အခုတော့ ခြေထောက်ကို ဓာတ်မှန်ရိုက်ထားပါတယ်။ အကောင်းတိုင်း ရှိတဲ့ သူတစ်ယောက်ကို ချက်ချင်းကြီး ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရတော့ အရမ်းဝမ်းနည်းမိပါတယ်။ စိတ်မကောင်းလည်း ဖြစ်ရတယ် ” ဟု ဦးကျော်သန်းက ဆိုသည်။  

မိုင်းနင်းမိသူ ဦးသန်းစိန်မောင်မှာ မိသားစုဝင် ၃ယောက်နှင့်အတူ မိမိကျေးရွာ၌ လယ်အငှားလုပ်ကိုင်နေသူတစ် ဦးဖြစ်ကြောင်းလည်း သိရသည်။

ယင်းကြောင့် လက်ရှိဒဏ်ရာများကို စစ်တွေဆေးရုံးကြီးမှာ အနည်းဆုံး ၂ လခန့်ကြာဆက်လက် ဆေးကုသနေရ မည်ဖြစ်သည့်အတွက် ငွေကြေးအခက်အခဲများလည်းဖြစ်ပေါ်နေသည်။

ဆွေးမျိုးတော်စပ်သူ ဦးဝင်းတင်က “ အခုလို နွားရှာသွားတဲ့သူတွေ၊ လယ်ထွန်သွားတဲ့ သူတွေ၊  ဟင်းရှာသွားတဲ့သူတွေ မိုင်းနှင်းမိပြီး ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးနေရတာတွေဟာ မကြာခဏ ကြားနေရပါတယ်။ ဒါကြောင့် အခုမဖြစ်ဖို့အတွက် မိုင်းရှင်းလင်းရေး လုပ်ပေးစေချင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီက တောင်းဆိုပါတယ် ” ဟုဆိုသည်။

မြန်မာစစ်တပ်နှင့် AA တို့၏ တိုက်ပွဲများအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုတို့ကြောင့် ယခင်တိုက်ပွဲကာအတွင်း ဒေသခံ အရပ်သား ဒဏ်ရာရသူ ၁၃၂ နှင့် သေဆုံးသူ ၆၁ အထိရှိခဲ့ကြောင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) စာရင်းဇယားအရသိရသည်။

ယင်းအပြင် တိုက်ပွဲတည်ငြိမ်နေသည့် ၂၀၂၂ (ယခုနှစ်) တွင်လည်း မိုင်းနှင့် စစ်ကျန်လက်နက်ခဲယမ်းများ မကြာခဏပေါက်ကွဲမှုများရှိနေပြီး ထိခိုက်ဒဏ်ရာရသူ ၂၂ ဦးအထိရှိနေပြီး ယင်းအထဲမှ သေဆုံးသူ ၅ ဦးရှိနေပြီးဖြစ်ကြောင်းလည်း  REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းထံ မှသိရသည်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့နယ် ဘောလုံးကွင်းစစ်ဘေးရှောင်စခန်းမှ ဟင်းရှာသွားသည့် အမျိုးသမီးနှစ်ဦးမိုင်းနှင်းမိပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။ အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင် စခန်းမှ အမျိုးသားနှစ်ဦး တောင်ပေါ်သို့ မျှစ်ချိုးသွားစဉ် မိုင်းနှင်းပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းတွင် ပလက်ဝ၊ မြေပုံ၊ ရသေ့တောင်တို့တွင် မိုင်းနင်းမိမှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြသည်။