ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအရှိန်မြင့်လာကြောင်း ULA/AA ထုတ်ပြန်

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းနှင့်အတူ တိုက်ပွဲအရှိန်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာပြီး တိုက်ပွဲနေရာများမှာလည်း ပိုမိုကျယ်ပြန့်လာနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ယနေ့(သြဂုတ်လ ၂၃ ရက်)တွင် ထုတ်ပြန်လိုက်သည်။

23 Aug 2022

DMG ၊ ဩဂုတ် ၂၃

ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းနှင့်အတူ တိုက်ပွဲအရှိန်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာပြီး တိုက်ပွဲနေရာများမှာလည်း ပိုမိုကျယ်ပြန့်လာနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က ယနေ့(သြဂုတ်လ ၂၃ ရက်)တွင် ထုတ်ပြန်လိုက်သည်။

မောင်တောမြို့နယ်မှ ပြည်သူများ လက်ရှိစားနပ်ရိက္ခာအခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းနှင့်ပတ်သက်ပြီး အသိပေးချက်ထုတ်ပြန်ရာတွင် စစ်ရေးအခြေအနေများကိုပါ ထိုသို့ထည့်သွင်းထုတ်ပြန်ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် မြန်မာစစ်တပ်သည် စစ်ရေးပြင်ဆင်မှု၊ လက်နက်ခဲယမ်း၊ စစ်အင်အားတိုးချဲ့မှုနှင့်အတူ စစ်ဆင်ရေးပြုလုပ်မည့် အရိပ်အယောင်များကိုလည်း ခပ်စိပ်စိပ်ထပ်မံတွေ့လာနေရကြောင်းလည်း ဆိုထားသည်။

လက်ရှိ စစ်ရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့များ အခြေပြုထားသည့်နေရာများ၊ ၎င်းတို့ဂိတ်စခန်းချစစ်ဆေးသည့်နေရာများကို သွားရောက်ရမည်ဆိုပါကလည်း မိမိတို့ ဒေသဆိုင်ရာနိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများမှတစ်ဆင့် ဆက်သွယ်အသိပေးပြီးမှ သွားလာကြရန်လည်း AA က အသိပေးထားသည်။

ထို့ပြင် ပုံမှန်သွားလာနေသည့်နေရာများ၌ မသွားမဖြစ်သွားလာရမည့် အရေးပေါ်ကိစ္စ၊ သေရေးရှင်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စများမှလွဲ၍ သွားလာခြင်းမပြုကြရန်နှင့် မဖြစ်မနေသွားလာရမည်ဆိုလျှင်လည်း မိမိတို့ကို ဆက်သွယ်အသိပေးပြီး သွားလာကြရန်လည်း ULA/AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ရခိုင်ပြည်သူလူထုကိုဖိနှိပ်လို၍ မြို့နယ်တစ်ချို့၌ ညမထွက်ရအမိန့်ကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လျက်ရှိရာ မောင်တောမြို့နယ်တွင်လည်း ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထပ်မံထုတ်ပြန်ထားကြောင်းလည်း ဆိုထားသည်။

ထို့နောက် ကုန်းလမ်း၊ရေလမ်း ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေးကိစ္စရပ်များကိုလည်း တင်းကျပ်စွာကန့်သတ်ပိတ်ပင်တားမြစ်လိုက်သောကြောင့် မောင်တောဒေသအတွင်းရှိ ရွာပေါင်းများစွာမှ ပြည်သူများ ရိက္ခာပြတ်လပ်မှုများကို ကြုံတွေ့နေကြရာ အခက်အခဲမျိုးစုံကို ဆိုးဝါးစွာရင်ဆိုင်နေရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြို့နယ်အတွင်း ရွာတစ်ရွာနှင့်တစ်ရွာ သွားလာခွင့်များ၊ ရွာအပြင်ထွက်ခွင့်များကို မြန်မာစစ်တပ်မှ လုံးဝပိတ်ပင်ကန့်သတ်ထားပြီး ရိက္ခာပြတ်လပ်၍ အငတ်ဘေးဆိုက်အောင် တမင်တကာ အနိုင်ကျင့်လုပ်ဆောင်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းတစ်မျိုးဖြစ်သည်ဟုလည်း ULA/AA ဘက်ကဆိုထားသည်။

အလားတူ ကုန်းလမ်း၊ရေလမ်း၊ မြို့၊ရွာအဝင်အထွက်လမ်းများတွင် မြန်မာစစ်တပ်မှ စစ်ဆေးရေးဂိတ်များဖွင့်ကာ ခရီးသွားပြည်သူများကို ခေါ်ယူစစ်ဆေးခြင်း၊ ဖုန်းများကိုစစ်ဆေးခြင်း၊ အိမ်များကို ဝင်ရောက်ရှာဖွေခြင်း မတရားဖမ်းဆီးရိုက်နှက်ခေါ်ဆောင်ပြီး ပုဒ်မအမျိုးမျိုးတပ်ခြင်း စသည့်လုပ်ရပ်များကိုလည်း လက်ရဲဇက်ရဲကျူးလွန်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာစစ်တပ်၏ ခရီးသွားလာခွင့်ပိတ်ပင်ထားသောလုပ်ရပ်၊ ညမထွက်ရအမိန့်များကြောင့် ဒေသခံများ အခက်အခဲအကျပ်အတည်းမဖြစ်စေရအောင် မိမိတို့ရက္ခိုင်ပြည်သူ့အစိုးရအနေဖြင့် နည်းလမ်းပေါင်းစုံဖြင့်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိပြီး ဒေသခံများ သွားလာသည့်အချိန်ကိုလည်း နံနက် ၅ နာရီနောက်ပိုင်းမှ ညနေ ၈ နာရီအတွင်း ဂရုပြုသွားလာကြရန်လည်း အထူးအလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ULA/AA ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်မေးမြန်းနိုင်ရန်အတွက် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပါ။